Wednesday 21 August 2013

ရခိုင်ပြည်နယ် ပြဿနာ...

Credit to: http://arakanreview.net/

ရခိုင်ပြည်နယ် ပြဿနာ...
Filed under စာတမ်း/မှတ်တမ်း
.....................................

၁၉၆၀ ခုနှစ် – ရခိုင်ပြည် ပြည်နယ်ပေးရေး/မပေးရေး ပါလီမန်ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့သော ဝန်ကြီးချူပ်မိန့်ခွန်းနှင့် အစည်းအဝေး၌ ဝေဖန်ချက်များပေးခဲ့ကြသည့် အတိုက်အခံ ခေါင်းဆောင် သခင်သာခင်၊ ရမ်းဗြဲအမတ် ဦးဘမြိုင်၊ သံတွဲအမတ် ဦးကျော်တင့်၊ ရ-တ-ည အမတ် ဦးလှထွန်းဖြူတို့၏ တင်ပြချက်များကို မှတ်တမ်းတရပ်အနေဖြင့် ထိုအချိန်ကာလက ထုတ်ဝေခဲ့သော မြဝတီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးရာ – ထိုမှတ်တမ်းအား Arakan Review စာဖတ် ပရိတ်သတ်များ ဖတ်ရှုလေ့လာနိုင်ရန် မူရင်းအတိုင်း မျှဝေလိုက်သည်။

rakhine_by_xumarov-d5fu73e

ရခိုင်ပြည်နယ် ပြဿနာ

စုဆောင်းတင်ပြသူ – စိန်အေးထွန်း

ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်ထောင်စုသားတိုင်းနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း သက်ဆိုင်နေသော ပြဿနာတရပ် ပေါ်ပေါက်လျက်ရှိသည်။ ယင်းပြဿနာမှာ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် ပေးထိုက် မပေး ထိုက်ဟူသော အငြင်းပွားနေမှုပင်ဖြစ်သည်။ ပေးထိုက်သည် ဟူသော အင်အားစုဘက်က ပြည်နယ်ပေးသင့် ပေးထိုက်ကြောင်း အကိုးအကားပေါင်းစုံဖြင့် တင်ပြနေကြသလို မပေးထိုက်ဟူသော အင်အားစုဘက်များကလည်း မပေးထိုက်ကြောင်း အကိုး အကားပြလျက် ငြင်းဆိုနေကြသည်။

ဤ အင်အားစုနှစ်ခု၏ အဓိက ဆိုလိုရင်းမှာ ပေးထိုက်သည်ဟူသော အင်အားစုများက ရခိုင်နှင့် မွန်သည် ရာဇဝင်ကြောင်းအရ သီးခြား ဘုရင်ရှိခဲ့သည်။ သီးခြားယဉ်ကျေးမှုရှိသည်။ သီးခြားစကားနှင့် စာပေရှိသည်။ ထို့ကြောင့် ရခိုင်နှင့် မွန်ပြည်နယ် ပေးသင့် ရထိုက်သည်ဟု အဆိုပြုနေကြသည်။ မပေးထိုက်ဟူသော အင်အားစုများအနေဖြင့်လည်း ရခိုင်နှင့်မွန် ပြည်နယ်ပေးလျှင် ပြည်ထောင်စု စည်းလုံးညီညွတ်မှု လျော့ပါးစေနိုင်သည်။ အိမ်ကြီးထဲ အိမ်ကလေး ဆောက်ဆိုသလို တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲပြားပြီး တိုင်းပြည် ကမောက်ကမ ဖြစ်လာနိုင်သည်ဟု ဖွင့်ဟနေကြသည်။

ဤပြဿနာနှင့် ပတ်သက်၍ စာရေးသူအနေဖြင့် ဤမှတ်တမ်းတွင် ပြည်နယ် ပေးထိုက်၊ မပေးထိုက် ထည့်သွင်း မှတ်ချက်မချ လိုပေ။ တိုင်းပြည်က ဝေဖန် သုံးသပ်လေ့လာနိုင်ရန်သာ အဆိုပါ ပြည်နယ်ပေးထိုက် မပေးထိုက်များနှင့် ပတ်သက်သော ဆွေးနွေး ချက် ဝေဖန်ချက်များကိုသာ ဖော်ပြလိုပါသည်။ သို့ကြောင့် ပြည်နယ် ပြဿနာနှင့် ပတ်သက်၍ ၁၉၆၀ ခုနှစ် ဧပြီလ ၅ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ တတိယ အကြိမ်မြောက် ပထမပါလီမန် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့သော ဝန်ကြီးချူပ် မိန့်ခွန်းနှင့် ၁၉၆၀ ခုနှစ် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သော ပါလီမန် အစည်းအဝေး၌ အသီးသီးဝေဖန်ချက်များပေးခဲ့သည့် အတိုက်အခံခေါင်းဆောင် သခင်သာခင်၊ ရမ်းဗြဲအမတ် ဦးဘမြိုင်၊ သံတွဲအမတ် ဦးကျော်တင့်၊ ရ-တ-ည အမတ် ဦးလှထွန်းဖြူတို့၏ တင်ပြချက်များကို မှတ်တမ်းတရပ်အနေဖြင့် တင်ပြလိုက်ရပေသည်။

ဝန်ကြီးချူပ် ဦးနု ဆွေးနွေးချက်

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ဥက္ကဋ္ဌကြီးမှတဆင့် အင်မတန် အရေးကြီးတဲ့ ပြည်ထောင်စု စည်းလုံးရေး ပြဿနာကို ကျွန်တော် အခု ပြောကြားချင်ပါတယ်။ ပြည်ထောင်စု စည်းလုံးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ဝါဒဟာ ပင်လုံညီလာခံမှာ ရှေးဦးစွာ လက်ခံ အတည်ပြုပြီးတဲ့နောက် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း စည်းလုံးတည်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲ့ စည်းလုံးရေးကို ခိုင်သည်ထက် ခိုင်အောင် အမြဲအားထုတ်နေရမယ်ဆိုတဲ့ ဝါဒပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံဆိုတာဟာ တခြားမဟုတ်ပါဘူး။ မြန်မာလူမျိုးသားမက ချင်း၊ ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် အစရှိသော တိုင်းရင်းသား လူမျိုး အားလုံးရဲ့ နိုင်ငံကို ဆိုလိုပါတယ်။ ဒီလူမျိုးစု အားလုံးဟာ တနိုင်ငံထဲသားအဖြစ် စည်းလုံးပြီး လူမျိုးတိုင်း လူမျိုးတိုင်း ဟာ ပြည်ထောင်စု မြန်မာနိုင်ငံသားရယ်လို့ ကိုယ့်ကိုယ်ကို လေးစားဂုဏ်ယူရာဖြစ်တဲ့ နိုင်ငံကို ဆိုလိုပါတယ်။ သွေးမတူမှုကြောင်း လည်းကောင်း၊ ယဉ်ကျေးမှု မတူမှုကြောင့်လည်းကောင်း၊ နောက်ကြောင်းရာဇဝင် မတူမှုကြောင့်လည်းကောင်း၊ နောက်ကြောင်း အာဃတရှိခဲ့ကြောင်း လည်းကောင်း ဘယ်လိုပဲ ကွဲပြားနေကြစေကာမူ တနိုင်ငံသားအဖြစ် သက်ဆိုင်ရာ တာဝန်ကို ထမ်းဆောင်ပြီး သက်ဆိုင်ရာ အခွင့်အလမ်းများကို ခံစား၊ စံစားရာဖြစ်တဲ့နိုင်ငံကို ဆိုလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ဒီလို စည်းလုံးနေရမယ့် နိုင်ငံမျိုးလို့ ဆိုလိုက်တဲ့အတွက် လူမျိုးစုတစ်ခုခုဟာ ကိုယ့်အမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ကိုးကွယ်တဲ့ ဘာသာတွေကို စွန့်လွှတ်ပစ်ရမယ် မဟုတ်ပါဘူး။ သမိုင်းဖြစ်စဉ်မှာရော ယဉ်ကျေးမှုဖြစ်စဉ်မှာရော၊ အစဉ်အလာတွေမှာရော အမျိုးမျိုး အထွေထွေ ဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ တမျိုးထဲတပုံစံထဲသာ ရှိနေမယ်လို့လဲ မဟုတ်ပါ ဘူး။ ဒါပေမယ့် အမျိုးမျိုးအထွေထွေ ရှိနေမှုထဲက စည်းလုံးမှုကိုတော့ ကျွန်တော်တို့ ရှာကြရမှာပဲ။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ စိတ်မှာ ပြည်နယ်လိုချင်တဲ့ ဆန္ဒ တကယ်နှစ်နှစ်ကာကာ ရှိကြမယ်ဆိုရင် ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို စီမံပေးပါမယ်လို့ ကျွန်တော်တို့ ကတိပေးဖူးပါတယ်။ ဒီမိုကရေစီနည်းနဲ့အညီ လည်းကောင်း၊ ဒေသတွင်း နေထိုင်ကြတဲ့ ပြည်သူလူထုအတွက် အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် အကျိုးရှိ ရှိ ဖြစ်စေမယ့် နည်းနဲ့အညီလည်းကောင်း သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူလူထုရဲ့ တကယ့်ဆန္ဒကို သိရအောင် ပြုပြီး တဲ့နောက် သိရတဲ့အချက်ကို မူတည်ပြီး ကတိအတိုင်း အစောဆုံး စီမံဆောင်ရွက်ပေးပါ့မယ်။ သက်ဆိုင်ရာ လူထုရဲ့ ဆန္ဒကို သိအောင်ပြုရမယ့် ကိစ္စမှာ ပြုပုံပြုနည်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ သက်ဆိုင်ရာ ခေါင်းဆောင်များနဲ့ တိုင်ပင်ပါ့မယ်။

သခင်သာခင် ဝေဖန်ချက်

ဥက္ကဋ္ဌကြီးခင်ဗျား။ ။နိုင်ငံတော် ဝန်ကြီးချူပ်ရဲ့ ပြည်ထောင်စု စည်းလုံးရေး ဝါဒထဲမှာ အဓိက ဖော်ပြထားတဲ့ အချက်ကတော့ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် သတ်မှတ်ပေးရေးကိစ္စတို့ပဲ ဖြစ်ပါတယ်။ ဒီပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဖဆပလ အဖွဲ့ချူပ်ရဲ့ သဘောထားကိုလဲ အကြိမ်ကြိမ် ကြေညာပြီးပါပြီ။ ဒီနေရာမှာ ကျနော်တို့ တင်ပြလိုတာကတော့ နိုင်ငံတော် အစိုးရနှင့် တကွ လူမျိုးစု အသီးသီး အပါအဝင် ကျနော်တို့အားလုံးဟာ ပြည်ထောင်စုကြီး တည်မြဲရေးအတွက် စုပေါင်းတာဝန်ရှိ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်ထောင်စုကြီး တည်မြဲရေးကို အထောက်အပံ့ပြုမယ့် လုပ်ဆောင်ချက်တွေသာ ဖြစ်ရပါမယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ပြည်နယ် ပေးခြင်းအားဖြင့် ပြည်ထောင်စု စိတ်ဓာတ် ပိုမိုခိုင်မြဲလာမယ်ဆိုရင်တော့ အားရ ကျေနပ်စရာပါပဲ။ ဒီလိုမဟုတ်ဘဲ ပြည်နယ် ပေးလိုက် တဲ့နောက်ပိုင်းမှာ ပြည်ထောင်စု စိတ်ဓာတ်တွေ လျော့ပါးပြီး သီးခြားစိတ်တွေ၊ ခွဲထွက်လိုတဲ့ ဆန္ဒမျိုးတွေ ပေါ်ပေါက်လာမယ်ဆိုရင်တော့ ဒါဟာ ပြည်ထောင်စုကြီး ပျက်စီးဖို့ ဖန်တီးတာနဲ့ အတူတူနေမှာပါပဲ။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ကျနော်တို့ ဖြစ်စေချင်တဲ့ မူကတော့ ပြည်နယ်ပေးခြင်းဖြင့် (၁) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို အထောက်အပံ့ပြုရမယ်။ (၂) သက်ဆိုင် ရာ ပြည်နယ်အတွင်းရှိ လူမျိုးစု အသီးသီးရဲ့ အခြေအနေတွေ တိုးတက်မှု ရှိရမယ်။ ဒါမှသာ ပြည်နယ်ပေးခြင်းဟာ အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဥက္ကဋ္ဌကြီး ခင်ဗျား။ ။ယခုခေတ်မှာဆိုရင် နိုင်ငံအသီးသီးဟာ မိမိတို့အားကို မိမိတို့ ပိုမိုဖြည့်တင်းနိုင်ဖို့အတွက် နိုင်ငံအချင်းချင်း စုပေါင်းပြီး ပြည်နယ်က ပြည် ကြီးဖြစ်အောင် ကြိုးစားနေရတဲ့ အချိန်အခါ ဖြစ်ပါတယ်။ နိုင်ငံ အချင်းချင်း ဆက်ဆံမှု လျော့ရဲ ရဲဖြစ်နေတဲ့ အခြေအနေကတဆင့် ကြံ့ကြံ့ခိုင်ခိုင် တောင့်တောင့် တင်းတင်း ဖြစ်အောင် စုစည်းနေကြတဲ့ အချိန်၊ ရာဇဝင် အခြေ အနေ ပြောင်းလဲနေတဲ့အချိန် ဖြစ်တယ်။ ဥပမာအားဖြင့် အနောက် ဥရောပမှာဆိုရင် တချိန်တုန်းက မာနတွေ တံခွန်ထူပြီး အချင်းချင်း စစ်ခင်းနေကြတဲ့ ပြင်သစ်၊ ဂျာမဏီ၊ ဟော်လန်၊ ဘယ်လဂျီယန်၊ သြစတတြီးယား၊ အီတလီ စတဲ့ နိုင်ငံတွေဟာ ခုအချိန်မှာဆိုရင် အချင်းချင်း စုပေါင်းပြီး ဥရောပ ပြည်ထောင်စုဖြစ်အောင် ကြိုးစားတည်ဆောက် နေကြပါတယ်။ နိုင်ငံရေးအရ ဆိုရင်လဲ ဥရောပ ပါလီမန်အဖွဲ့ဆိုပြီး စုပေါင်း ပါလီမန် စံနစ်ကို တီထွင်ဖို့ စိုင်းပြင်းနေကြပါတယ်။ စီးပွားရေးအရဆိုရင်လည်း ဥရောပတိုက် အကျိုးတူ ဈေးကွက်ကြီးကို ဖန်တီးပြီး အချင်းချင်း စီးပွားရေးအရ ရိုင်းပင်းမှုတွေ လုပ်ဖို့ စီမံနေကြပါပြီ။ နိုင်ငံ တကာရေးရာနဲ့ ပတ်သက်ရင်လဲ နိုင်ငံခြားရေးဝန်ကြီးများရဲ့ ကောင်စီကို ဖွဲ့စည်းပြီး တစထက်တစ သွေးရင်းသား ရင်း ဖြစ်အောင် ဆောင်ရွက် နေကြတာ တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ အာရပ်နိုင်ငံအသီးသီးဟာလည်း အချင်းချင်း စုပေါင်းပြီး အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံကို ထူထောင်လိုက်ကြပါပြီ။ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ် စတဲ့ နိုင်ငံများဟာလည်း စကင်းဒီ နေဗီးယန်း ပြည်ထောင်စု အနေနဲ့ ပေါင်းစည်းဖို့ ကြိုးစားနေကြပါပြီ။ အာဖရိကတိုက်မှာ လွတ်လပ်ရေးရစ ဂါနာနဲ့ ဂီယာနာ အစရှိတဲ့ နိုင်ငံငယ်များပင် ဒီအတိုင်း ခြေလှမ်းလျက် ရှိကြပါတယ်။ ကျနော်တို့ အရှေ့တောင် အာရှမှာပင်လျှင် တချိန်က ဗိုလ်ချူပ်အောင်ဆန်း ဆော်သြခဲ့ဖူးတဲ့အတိုင်း အကျိုးတူနိုင်ငံအချင်းချင်း စီးပွားရေးမှ အစပြုပြီး ပူးပေါင်းဆောင်ရွက်မှု အတွက် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ စုစည်းနေပါပြီ။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။နိုင်ငံတကာက ခုလို ကိုယ့်ရှိတဲ့ အားကို ကြီးပွားအောင် လုပ်နေကြတဲ့အခါမှာ ကျနော်တို့နိုင်ငံ က ခေတ်နောက် ပြန်ဆွဲသလို ကိုယ့်အားကို ခွဲနေကြမယ် ဆိုရင် ဒါဟာ အချိန်အခါ အခြေအနေနဲ့ မဆီလျော်ဘူးလို့ ကျနော်တို့ ထင်ပါတယ်။ မွန်အမျိုးသားများ၊ ရခိုင်အမျိုးသားများဟာ စင်စစ် ဗမာအမျိုးသားတွေနဲ့ ယဉ်ကျေးမှု အစဉ်အလာချင်း လူမျိုးချင်း ရောထွေးယှက်တင်နေတဲ့ သွေးတူသားတူတွေ ဖြစ်ကြပါတယ်။ ဒီအမျိုးစုတွေရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်း ကာကွယ်ပြီး လူမျိုးစုအလျောက် တိုးတက်မှု အခွင့်အရေးတွေ ဖန်တီးပေးနိုင်တဲ့ မွန်ရေးရာ ကောင်စီတို့၊ ရခိုင်ရေး ရာကောင်စီတို့ ဖွဲ့စည်းပေးခြင်းဖြင့် ဒီပြဿနာဟာ ပြေလည် သွားနိုင်စရာ ရှိပါတယ်။ ရှေးအခါက ဆိုရင် ကျနော်တို့ ပြည်ထောင်စု အစိုးရ အနေနဲ့လည်း ချွတ်ယွင်းချက်တွေ ရှိခဲ့တဲ့အတွက် ခုလို မကျေနပ်မှုတွေကို အကြောင်းပြပြီး ပြည်နယ် ကိစ္စတွေ ပေါ်ပေါက် ခဲ့ရတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် ခုအခါမှာ ပြည်ထောင်စု အစိုးရ အနေနဲ့လည်း လူမျိုးစုံတွေ အပေါ်မှာ ထားရှိတဲ့ ဝါဒလမ်းစဉ်တွေကို ပြုပြင်သွားမယ်။ လူမျိုးစုံ အသီးသီးကလဲ ပြည်ထောင်စု အစိုးရနဲ့ ရင်းရင်းနှီးနှီး ပူးပေါင်း ဆောင်ရွက်သွား ကြမယ်ဆိုရင် ပြည်နယ်ပြဿနာ ဟာ အလိုလို အေးချမ်းသွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

ဦးဘမြိုင် ဆွေးနွေးချက်

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ဝန်ကြီးချူပ် ဦးနု၏ မိန့်ခွန်းကို သေသေချာချာ ဃဂနဏ စဉ်းစားပါတယ်။ အဖြေက ဘယ်လို ထွက်လာသလဲဆိုတော့ ရခိုင်လူမျိုးများဟာ ပြည်နယ် တကယ့်ကို လိုချင်တယ်လို့ သိခဲ့ရင် ပြည်နယ်ကို ကတိအတိုင်း အစောဆုံး စီမံ ဆောင်ရွက်ပေးပါမယ်လို့ နားလည်ပါတယ်။ ယနေ့အဖို့မှာ အခြေအနေကို ကြည့်လိုက်တော့ ရခိုင်လူမျိုးများဟာ ပြည်နယ် ရထိုက်တယ်ဆိုတဲ့ အချက်ကို ဝန်ကြီးချူပ်နဲ့တကွ ပြည်ထောင်စုအဖွဲ့က ဆုံးဖြတ်ပြီးပြီလို့ ယူဆပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ရခိုင်လူမျိုးများဟာ ပြည်နယ်ကို လိုလားတယ် မလိုလားဘူးဆိုတာ အေးအေးချမ်းချမ်းနဲ့ စုံစမ်းဖို့ ဝန်ကြီး ချူပ်က ပြောသွားပါတယ်။ ဒီလို ပြောတာကို အင်မတန် ကျေးဇူးတင်ပါတယ်။ ဝန်ကြီးချူပ်ဟာ ရခိုင်လူမျိုးတွေ အပေါ်မှာရော မွန်လူမျိုးတွေအပေါ်မှာရော ကောင်းတဲ့ စေတနာနဲ့ လုပ်တယ်လို့ ယူဆပါတယ်။ ပါလီမန်စနစ်ကို ယုံကြည်တဲ့ လူမျိုးဟာ တဦးနဲ့ တဦး အကြမ်းဖက်ပြီး ခိုက်ရန် ဒေါသဖြစ်ဖို့၊ ဒေါသမာန်မာနဖြစ်ဖို့၊ ဒီလိုစနစ်တွေကို ဘယ်နည်းနဲ့မှ လက်မခံပါဘူး။ အေးချမ်းတဲ့ နည်းနဲ့ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လိုလား ယုံကြည်ပါတယ်။ ၁၉၄၈ ခုနှစ်က ဆာဘဦး ကြီးမှူးတဲ့ ကော်မရှင် ဖွဲ့စည်းခဲ့ ပါတယ်။ ဒီတုန်းက အာဏာရ အစိုးရက ရခိုင်ပြည်နယ် ပေးရေးကိစ္စကို ဘာမျှ တိတိကျကျ ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ ရခိုင် လူမျိုးများဟာ တဖြည်းဖြည်း အုပ်ချူပ်တဲ့ အစိုးရ အပေါ်မှာ ယုံကြည်အားကိုးတဲ့ စိတ်ဟာ တနေ့တခြား ကျဆင်းလာပါတယ်။ ၃၈ ဖြာ မင်္ဂလာတရားဟာ ၁၂ နှစ်ပတ်လုံး လူများ၊ နတ်များ ကြံဆ ရာမှ ရသလိုပဲ။ ၁၉၄၈ ခုနှစ်က ပြည်နယ်ကိစ္စ ပေါ်ပေါက်တာ ဟာ ၁၉၆၀ ခုနှစ် ၁၂ နှစ်ကြာမှ အကောင်အထည် ဖော်မလိုဖြစ်နေတာကို ဝမ်းလဲသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ နောက် တစ်ခုက ရခိုင်လူမျိုးတွေဟာ ကိုယ့်တိုင်းပြည် ကိုယ့် နယ်အုပ်ချူပ်မှုကို လိုလားပါမည်လားဆိုတဲ့ မေးခွန်းကို ဖြေဖို့ရာ သိပ်ပြီး မခဲယဉ်းပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရခိုင်လူမျိုး စစ်မှန်လျှင် ကိုယ့်တိုင်း ကိုယ့်ပြည်ရဲ့ သက်သာရာ သက်သာကြောင်း ကိုယ်ကိုယ်တိုင် အုပ်ချူပ်ရမယ့် ကိစ္စကို ဘယ်ရခိုင်မှ ငြင်းမယ်မဟုတ်လို့ ယူဆပါတယ်။ ရခိုင်လူမျိုးများကို ပြည်နယ် ပေးထိုက်၊ မပေးထိုက် ဆိုတဲ့ စကားဟာ ဝန်ကြီးချူပ် မိန့်ခွန်းထဲမှာ မပါတဲ့အတွက်ကြောင့် ဒီပြဿနာကို ပြောဖို့ မလိုဟု ယူဆပါတယ်။ ဒါပေမယ့် တဖက်က မိတ်ဆွေ (အတိုက်အခံ ခေါင်းဆောင် သခင်သာခင်ကို ဆိုလိုသည်) က ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး အနည်းအကျဉ်း ဝေဖန်သွားပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။တဖက် မိတ်ဆွေက ပြည်နယ်ပေးခြင်းဖြင့် ပြည်မကြီးဟာ စည်းရုံးညီညွတ်မှု ညံ့ဖျင်းလာမယ်။ တိုင်းပြည် ကမောက်ကမ ဖြစ်လာမယ်ဆိုပြီး စိုးရိမ်ခြင်းကို ပြောသွားပါတယ်။ ကျွန်တော် ဖြေရှင်းလိုတာက ပြည်နယ်ပေးခြင်းဖြင့် ပြည်ထောင် စု စိတ်ဓာတ်ဟာ လျော့စရာမရှိပါဘူး။ ပြည်မရဲ့ အင်အားလဲ လျော့စရာမရှိပါဘူး။ ဒါနဲ့ ပတ်သက်လို့ ဘိလပ်က ဆာရော ဘတ် ဂေါ်ဒွင် ပြောခဲ့ဖူးတာကို သတိရ ဖော်ပြလိုပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဗြိတိသျှ အင်ပါယာထဲမှာ တိုင်းပြည်တွေ အများကြီး ရှိပါတယ်။ ဒီ တိုင်းပြည်တွေကို ကိုယ်ပိုင် အုပ်ချူပ်ရေး ပေးခြင်းအားဖြင့် ဗြိတိသျှ အင်ပါယာဟာ အင်အား မလျော့ဘဲ သာပြီးတော့ အင်အားပြည့်နိုင်တယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ဝန်ကြီးချူပ် ဦးနုရဲ့ မိန့်ခွန်း ပြည်ထောင်စု စည်း လုံးရေး အခန်းမှာလဲ “အခြေခံ ဥပဒေထဲမှာ ပြည်နယ်တွေ ပေးထားတဲ့အတွက်လည်းကောင်း၊ နောက် ထပ် ပြည်နယ်တွေ ပေး ဦးမယ်လို့ ကျွန်တော်တို့ ကတိရှိထားအတွက်လည်းကောင်း၊ အမျိုးမျိုးထွေထွေ ကွဲပြားခြားနားတဲ့အထဲမှ စည်းလုံးမှုကို ရနိုင်တယ်ဆိုတဲ့ သဘောတရားဟာ ထင်ရှင်းနေပါတယ် ဟူ၍လည်းကောင်း၊ နောက်ပြီး ဒီလို စည်းရုံးမှုမျိုး ရှိမှလဲ တကယ့် စည်းလုံးမှု အရေးပါ အရာရောက်တဲ့ စည်းလုံးမှုကို ရနိုင်တယ်လို့ ယူဆပါတယ်။ သာဓကအဖြစ်နဲ့ ရှာရင် အခြား မကြည့်ပါနဲ့။ ပြည်ထောင်စု အတွင်းရှိ ပြည်နယ်ရပြီး လူမျိုးစုတွေကို ကြည့်ပါ။ သူတို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ ယခုအခါမှာ အရင်တုန်းကထက် ပိုပြီး ရင့်သန်ပြင်းထန်နေတာ ကို တွေ့ရပါလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။ အဲဒီတော့ ဝန်ကြီးချူပ် ဦးနု ၏ ပြောကြားချက်နဲ့ ဆာရောဘတ် ဂေါ်ဒွင် ပြောတဲ့ စကားဟာ အင်မတန် ကိုက်ညီနေပါတယ်။ အဲဒါကြောင့် ပြည်နယ် ပေးခြင်း အားဖြင့် ဘာမျှ နစ်နာစရာ မရှိပါဘူး။ ပြည်ထောင်စု စိတ်ဓာတ်လျော့ရန် အကြောင်း မရှိပါဘူး။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။တဖက် မိတ်ဆွေကြီးက ပြည်နယ်မပေးဘဲ ကောင်စီပေးလျှင် မကောင်းဘူးလားလို့ စကား ထွက်ပေါ်လာပါ တယ်။ ကျွန်တော့် မိတ်ဆွေကြီးဟာ ဆာဘဦး အစီရင်ခံစာကို မဖတ်မိဘူးလို့ ထင်ပါတယ်။ အစီရင်ခံစာ စာမျက်နှာ ၅၇ ကို ကြည့်မည်ဆိုလျှင် “ရခိုင်ရေးရာ ကောင်စီသည် ချင်းရေးရာ ကောင်စီနှင့် ကရင်ရေးရာ ကောင်စီများကဲ့သို့ ပါလီမန် အမတ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်၍ တကယ်အကျိုးထိရောက်စွာ လုပ်သမျှတွင် ထိုကောင်စီမျိုးသည် ဒေသအလိုက် ကိုယ်ပိုင် အုပ်ချူပ်ရေး သဘောအရ ဖွဲ့စည်းသော ခရိုင်ကောင်စီလောက် ခရီး ရောက်မည် မဟုတ်ချေ။ ရခိုင်ပြည်ရှိ တိုင်းရင်းသားတို့သည် မြန်မာပြည် အခြေား ဒေသရှိ တိုင်းရင်းသားများထက် ကမ္ဘာနှင့် တွေ့ဆုံဆောင်ရွက်ရာတွင် အရင်ကျသဖြင့် လောကီပညာရပ်များတွင် လည်းကောင်း၊ နိုင်ငံရေး ဗဟုသုတတွင် လည်းကောင်း အထက်တန်း အကျဆုံးသော နိုင်ငံသားများ ဖြစ်တယ်” လို့ ပါပါတယ်။ ဟိုတုန်းက ဆာဘဦး အစီရင်ခံစာတွင် ရခိုင်ရေးရာ ကောင်စီဟာ ရခိုင်ပြည်အတွက် မသင့်လျော်ပါဘူး။ သည်ထက်ကောင်းတဲ့ ဥစ္စာဘဲ သင့်တော်ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။ သည်တော့ မိတ်ဆွေကြီးက ကျွန်တော်တို့ ရခိုင်လူမျိုးတို့အား ရခိုင်ပြည် နယ် ပေးမည့် အကြောင်းကို စိုးရိမ်ကြောင့်ကြခြင်း ဖြစ်တာကို အပြစ်မဆိုလိုပါဘူး။ ကိုယ့်အယူအဆနှင့် ကိုယ်ပါ။ ဒါပေမယ့် ရခိုင်ပြည်နယ် ပေးရေးကိစ္စနှင့် ပတ်သက်ပြီး နောက်ကြောင်း ရာဇဝင် တလျှောက်လုံးကို ကြည့်လိုက်မည် ဆိုလျှင် ကျွန်တော် တို့ ပြည်နယ် ကိစ္စမှာ ဖြစ်စေ၊ အဆို တင်သွင်းတဲ့အခါမှာ များသောအားဖြင့် ဖဆပလ မကွဲခင်က ကျွန်တော်တို့ အဆိုကို ကန့်ကွက်တဲ့ စာရင်းကို ပြန်ကြည့်ရင် ပြည်မက အမတ်များ မပါဘူး။ မပါဘူး ဆိုတာမှာလဲ အစိုးရအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီး ဗိုလ်ခင်မောင်ကလေးမှ အပ ကန့်ကွက်တဲ့ လူတိုင်းဟာ ရခိုင်ပြည်က ဖဆပလ အမတ်များသာ ဖြစ်တာကို တွေ့ရပါတယ်။ (သြဘာသံများ)

သည်တော့ ကန့်ကွက်သွားတဲ့ ဖဆပလ အမတ်စာရင်းကို ပြန်ကြည့်လိုက်တော့ ဟိုစဉ်က ကန့်ကွက်ခဲ့တဲ့ ရခိုင် ဖဆပလ အမျိုးသား အမတ်များအနက် ယခု ပါလီမန် အစည်းအဝေးမှာ ဦးကျော်တင့်က လွဲလျှင် တစ်ယောက်မှ မရှိတော့ ပါဘူး။ ပြည်ထောင်စု ပါတီဝင် ဖြစ်တဲ့ ဦးကျော်တင့်ဟာလဲ ဘယ်နည်းနှင့်မျှ ကျွန်တော်ရဲ့ ဝေဖန်ချက်ကို ဝင်ရောက်ပြီး သဘော မတူဘူးလို့ ပြောလိမ့်မယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ (ရယ်သံများ)

ဥက္ကဋ္ဌကြီးခင်ဗျား။ ။သည်တော့ ရခိုင်ပြည်နယ် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် ဝန်ကြီးချူပ်ဟာ ခေါင်းဆောင်ကြီး ပီသ စွာနှင့် ကောင်းတဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ကို ညွှန်ပြပြီးသည့်နောက် မိမိ၏ ကတိအတိုင်း လိုက်နာပါမည်လို့ ကတိထပ်မံ ပြုခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတော် ဝန်ကြီးချူပ်နဲ့တကွ ပြည်ထောင်စု အဖွဲ့ဝင် အမတ်များအားလုံးကို ကျွန်တော် ဒီနေရာကနေပြီး ရခိုင်အမျိုးသား အနေနှင့်လည်းကောင်း ရ-တ-ည အဖွဲ့ဝင် ပါလီမန် ခေါင်းဆောင် အနေနှင့် လည်းကောင်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ဝန်ကြီးချူပ် မိန့်ခွန်းဟာ အလွန်ရှင်းပါတယ်။ ခေတ်နှင့် ဆီလျော်ပါတယ်။ ရခိုင်တတိုင်းလုံးမှာ ရှိတဲ့ လူအများစုဟာ ဒီမိန့်ခွန်းကို ကြားရလျှင် အင်မတန် ကျေနပ် ဝမ်းမြောက်လိမ့်မည်လို့ ထင်ပါတယ်။ သို့သော်ငြားလည်း ဦးဘမြိုင် နားလည်တာက နိုင်ငံတော်ဝန်ကြီးချူပ်က ပြည်နယ်လိုချင်လျှင် ပေးမည်လို့ နားလည်တယ်လို့ ပြောသွားပါတယ်။ ဆက် ပြီး ပြည်ထောင်စု အဖွဲ့ကလည်း ရခိုင်ကို ပြည်နယ် ပေးဖို့ ဆုံးဖြတ်ပြီးပြီလို့ ပြောသွားပါတယ်။ ကျွန်တော်တို့ ဖတ်ကြည့်တော့ ဥက္ကဋ္ဌကြီးခင်ဗျား၊ နိုင်ငံတော် ဝန်ကြီးချူပ်ရဲ့ မိန့်ခွန်းထဲမှာ သည်အတိုင်း မတွေ့ရပါဘူး။ ရခိုင်မှာ ရှိတဲ့ ရခိုင်လူထုကြီး တရပ်လုံးက လူအများစု ဆန္ဒအရ ပြည်နယ်လိုချင်တဲ့ ဆန္ဒပြလျှင် ဆောင်ရွက်ပေးမည် ဆိုတဲ့ အပိုဒ်ကိုသာ ပြောကြားပါတယ်။ ဦးဘမြိုင် ယူဆ တာက ဝန်ကြီးချူပ်က ပေးမယ်လို့ ကတိ တိတိကျကျ ပြတ်ပြတ်သားသား ဝန်ခံတယ်လို့ ဆိုပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်အနေနှင့် နားလည်တာက ဝန်ကြီးချူပ်က မပေးပါဘူးလို့လဲဆိုတာ မတွေ့ရပါဘူး။ ပေးမည်ဆိုတာလဲ မတွေ့ရပါဘူး။ ကျွန်တော်တို့ ရခိုင်ပြည်သူလူထုက ဆုံးဖြတ်ပါလို့ ဆိုတာ ကျွန်တော် တွေ့ရပါတယ်။ ရခိုင်တိုင်းသူ တိုင်းသားတွေဟာ မူလ ပထမကတည်း က ပြည်နယ်တောင်းတယ်လို့ ကျွန်တော် မမြင်ပါဘူး။ ယခုတွင်က ဦးဘမြိုင် ပြောသလို ရခိုင်က လူတွေ ဟာ နိုင်ငံတော် အစိုးရရဲ့ အပေါ်မှာ ယုံကြည်အားကိုးမှု နည်းလာတဲ့အတွက် ယခုလို ပြည်နယ် ပြဿနာ ပေါ်ပေါက်လာတယ်လို့ ယူဆပါတယ်။ ဒါဆိုလျှင် ဦးဘမြိုင် ကျေနပ်ပါလိမ့်မည်။

ဦးဘမြိုင် – ရမ်းဗြဲ

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ ကျွန်တော် ဒီလို မပြောပါဘူး။ ကျွန်တော်က ပြည်နယ်ပြဿနာကို တန်းလန်းကြီး ထားတဲ့အတွက် အစိုးရအပေါ်မှာရှိတဲ့ အယုံအကြည်ရှိတဲ့ စိတ်ဓာတ်တွေ လျော့ပါးစေပါတယ်လို့ ပြောတာပါ။ ပြည်နယ် ကိစ္စ ပေါ်ပေါက်တာက သည်အရင်က ပေါ်ပေါက်တာ ဖြစ်ပါတယ်။

ဦးကျော်တင့်

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ အဲဒီလို ပေါ်ပေါက်လာတဲ့ အကြောင်းက နိုင်ငံတော် အစိုးရက ရခိုင်တိုင်းသူ တိုင်းသားတွေ အပေါ်မှာ လျစ်လျူရှုထားတဲ့အပိုင်း အတော် များများ တွေ့ရပါတယ်။ ဒီအပိုင်းဟာ တော်တော် လွယ်လွယ်နှင့် လုပ်လို့ ဖြစ်တာ မဟုတ်ပါဘူး။ ယခုအခါမှာ လုပ်လို့ ဖြစ်နိုင်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်နှင့် လုပ်နိုင်တဲ့ ကိစ္စ လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရက အချိန်မီ လုပ်မပေးနိုင်တဲ့အတွက် ခဲခဲယဉ်းယဉ်း လုပ်နေရလို့ ရခိုင်တိုင်းသူ တိုင်းသားတွေကို မစားရ ဝခမန်း လုပ်နေလို့ ဖြစ်တယ်။ စီးပွားရေးရော ဆက်သွယ်ရေးရော မကောင်းတာအပြင် ကျန်းမာရေးမှာလည်း ဆရာဝန် ခဏ-ခဏ မရှိတဲ့ အခက်အခဲ ရှိတယ်။ ပညာရေးမှာလည်း ထို့နည်း လည်းကောင်းပဲ။ အဲသည်လို လျစ်လျူရှုတဲ့ အကြောင်းကြောင့် ရခိုင်ပြည်မှာ ရှိတဲ့ တိုင်းရင်းသားများဟာ ပြည်နယ်ဆိုပြီး ဖြစ်လာတယ်။ ဒီအခက်အခဲတွေဟာ နိုင်ငံတော် အစိုးရအနေနှင့် ကြီးကျယ်တဲ့ အလုပ်တွေလည်း မဟုတ်ဘူး။ ပြုပြင်လို့ ရနိုင်တဲ့ အခက်အခဲသာ ဖြစ်ပါတယ်။

ဦးဘမြိုင် – ရမ်းဗြဲ

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ ကျွန်တော် ပြောတာက နိုင်ငံတော် ဝန်ကြီးချူပ် ပြောတဲ့စကားဟာ စကားလိမ် မပါဘူးလို့ ကျွန်တော် ရိုးရိုး ထင်ပါတယ်။ ဒါကြောင့် ရခိုင် လူမျိုးများဟာ ပြည်နယ် ရထိုက်တယ်၊ မရထိုက်ဘူး ဆိုတဲ့ ပြဿနာဟာ ဝန်ကြီးချူပ် မိန့်ခွန်းထဲမှာ မပါဘူးလို့ ကျွန်တော် ယူဆပါတယ်။ မပေးဘူးလို့ မပါခဲလျှင် ပေးမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ဦးကျော်တင့်

ဥက္ကဋ္ဌကြီး ခင်ဗျား။ ။ဒီဟာကတော့ ကိုယ်ကြိုက်သလို ယူဆတဲ့အတွက် ကျွန်တော်တို့ ရခိုင်မှာလည်း အကွဲကွဲ အပြားပြား ဖြစ်နေပါတယ်။ ကျွန်တော် ဆက် အစီရင် ခံရမယ်ဆိုလျှင် ဒီလိုပဲ လွှတ်တော်ထဲမှာ ဦးဘမြိုင်နှင့် ကျွန်တော်တို့ အယူ အဆ ဖြစ်နေသလို ရခိုင်ပြည်မှာလည်း သည်အတိုင်း ဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရခိုင်ပြည်နယ် ဘာကြောင့် ပေါ် လာလဲဆိုလျှင် အမှန်အတိုင်း ရခိုင်မှာရှိတဲ့ အခက်အခဲတွေကို အထောက်အထားပြုပြီး သားတစ်ယောက် ဆေးမကု ရလို့ သေလျှင် လည်း ပြည်နယ်လိုချင်တာပဲ။ သူ့ သား ကျောင်း ကောင်းကောင်း မနေရလျှင်လည်း ပြည်နယ် လိုချင်တာပဲ။ သဘောင်္ အခက်အခဲတွေ့လို့ ရှိလျှင်လည်း ပြည်နယ် လိုချင်တာပဲ။ ရွေးကောက်ပွဲတုန်းက ရ-တ-ည အမတ်တွေက ရခိုင်တိုင်းက စပါးတခုတည်း ရောင်းရတဲ့ ငွေက ၈ ကုဋေ ရှိပါတယ်။ ရခိုင်တတိုင်းလုံးအတွက် သုံးတဲ့ငွေက ၉၆ သိန်းပဲ သုံးတယ် ပြောပါတယ်။ ဒီတော့ ကျန်တဲ့ ငွေနဲ့ ကိုယ့်စပါး ကိုယ် ရောင်းပြီးတော့ ကိုယ့် တိုင်းပြည် ကိုယ် ပြန်လည် ထူထောင်ချင်ရင် ပြည်နယ်ယူပါ။ ရ-တ-ည ကို မဲပေးပါလို့ ဒီလို ဟောတဲ့လူတွေ ရှိပါတယ်။ ဦးဘမြိုင်ကတော့ ဒီလို မဟုတ်ဘူးလို့ ဖြစ်ပြန်တယ်။ ဦးဘမြိုင် စိတ်ဓာတ်ကို ကျွန်တော် သိရတာက ပြည်နယ်ကို ယူသော်လည်း နိုင်ငံခြားသားနှင့် ကူးသန်း ရောင်းဝယ်ရေးကို မကိုင်ရဘူးဆိုတာ သိတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်း ဟောပါတယ်။ ကျွန်တော်ဟာ နိုင်ငံတော် ဝန်ကြီးချူပ် မိန့်ခွန်းကို ဖတ်ကြည့်တဲ့အခါမှာ သည်မိန့်ခွန်းထဲမှာ ဝန်ကြီးချူပ်က ပြည်နယ်နှင့် ပတ်သက်လို့ အမြန်ဆုံး စီစဉ်ပေးမည် ဆိုတာလောက်ပဲ တွေ့ပါတယ်။ တကယ်လို့ ရခိုင်ပြည်နယ်အတွက် နိုင်ငံတော် ဝန်ကြီးချူပ် မိန့်ကြားတဲ့အတိုင်း ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒအရ ပြည်နယ် ပေးသင့် မပေးသင့် ဆုံးဖြတ်မည် ဆိုလျှင် ကျွန်တော်တို့ အနေနှင့် လှိုက်လှိုက်လှဲလှဲ သဘောတူပါတယ်။ ထောက်ခံပါတယ်။ ရခိုင်လူထု အရေးကိစ္စကို ကျွန်တော်တို့ ဆုံးဖြတ်ပါရစေ။ ဒါဟာ အင်မတန် လျော်ကန်သင့်မြတ်တယ်လို့ ယူဆပါတယ်။ သို့သော်လည်း အဲသည်လို ဆန္ဒအရ ကောက်ယူတဲ့ နေရာမှာ စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင် ဆိုပြီး ၃ ခရိုင် ရှိတယ်။ ဒီ ခရိုင် ၃ ခုမှာ ဥပမာအားဖြင့် မဲဆန္ဒနယ်မှာ ရှိတဲ့ အမတ် အရေအတွက် အနေနှင့် အဆုံးအဖြတ်ကို ယူမည်လား။ ဒီလိုဆိုလျှင် တိကျတဲ့ အဖြေကို ရမည်လို့ မဆိုနိုင်ပါဘူး။

ဦးဘမြိုင် – ရမ်းဗြဲ

ဥက္ကဋ္ဌကြီးခင်ဗျား။ ။အမတ်မင်းက ကျွန်တော်တို့ ရခိုင်လူထုဆန္ဒကို ဘယ်လိုနည်းနှင့် ယူရမည်လို့ ဆွေးနွေးတာ ကို တွေ့ရပါတယ်။ နိုင်ငံတော် ဝန်ကြီးချူပ်ရဲ့ မိန်ခွန်းကို ရိုသေသောအားဖြင့် ဘယ်လို ဆွေးနွေးမည်ဆိုတဲ့ ကိစ္စကို သည်လွှတ်တော်ထဲမှာ တင်ပြဖို့ မလိုဘူးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုနည်းနှင့် ရခိုင်လူထု ဆန္ဒကို ယူရမည်လဲဆိုတာ ဆိုင်ရာ ခေါင်းဆောင်များနှင့် တိုင်ပင်ပြီး လုပ်ပါမည်လို့ ဝန်ကြီးချူပ် မိန့်ခွန်းမှာ ပါပါတယ်။ သည်အချိန်မှာ ဘယ်လို နည်းနှင့် လူထု ဆန္ဒယူမည်။ ဘယ်လို နည်းနှင့် လူထု ဆန္ဒယူလျှင် ကောင်းမည်၊ မကောင်းမည်ဆိုတဲ့ ပြဿနာဟာ မပေါ်ဘူးလို့ ကျွန်တော် တောင်းပန်လိုပါတယ်။

ဦးကျော်တင့်

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ မှန်ပါတယ်။ ဆန္ဒကတော့ ဦးဘမြိုင်ပြောသလို အာဃာတနှင့် ဝန်ကြီးချူပ် မိန့်ခွန်းကို ဖီဆန်ချင်တဲ့ သဘောနှင့် ကျွန်တော် အစီရင်ခံခြင်း မဟုတ်ပါ ဘူး။ ကျွန်တော် နားလည်သလောက်ကို ရိုးရိုးသားသား အစီရင်ခံနေတာပါ။ တကယ်လို့ ပြည်နယ်လူထု ဆန္ဒကို ကောက်ယူရင် ကျွန်တော်တို့ ဘယ်လို ယူရမည်လဲ။ ကျွန်တော်တို့ကို လွှတ်လိုက်လျှင် အထက်က အတိုင်း အခြေခံ ဥပဒေထဲက ဟာတွေကို ထောက်ပြရမှာပဲ။ ဒါ ရိုးရိုးသားသား အစီရင်ခံခြင်း ဖြစ်ပါတယ်။ ဥပဒေ အချက် အလက်ဆိုတာ ဦးဘမြိုင် ပြောနေတာက ပြည်နယ်ယူလို့ စပါးတွေကို ရောင်းရအောင် မင်းတို့ သမ္ဗန်နှင့် ပါကစ္စတန်ကို မသွားချင်ဘူးလား၊ သွားချင်ရင် ပြည်နယ်ယူ။ ကျွန်တော်တို့ကတော့ သည်လို မဟုတ်ပါဘူး။ လူအများစုက ပြည်နယ်လိုချင်ရင် ကျွန်တော်တို့လည်း လက်ခံရမည်။ သို့သော်လည်း ပြည်နယ်ယူလို့လည်း စပါးကို ပါကစ္စတန် သွားပြီး ရောင်းရမှာ မဟုတ်ဘူး။ ဒီအခွင့်အရေး ပြည်နယ်က မယူရဘူး။ ရခိုင်လူထုက ဘယ်လိုမူနှင့် ဘယ်လို ယူရမည်ဆိုတာ အစီရင်ခံတာပါပဲ။ ဒါ ကျွန်တော် ရိုးရိုးသားသား အစီရင်ခံတာပါ။

ဦးဘမြိုင် – ရမ်းဗြဲ

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲမှာ လူထုဆန္ဒကို ရလာတဲ့အတွက်ကြောင့် ဟောပြောတဲ့ ကိစ္စမှာ ကျွန်တော်တို့ ပြည်နယ်ရရေး မရရေး ဆိုတဲ့ ကိစ္စနှင့် ဘာမှ မသက်ဆိုင်ဘူးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု အဖွဲ့ အရင်တုန်းက ရွေးကောက်ပွဲတုန်းက သန့်ရှင်းအဖွဲ့ စစ်တွေခရိုင်၊ သန်းရှင်းအဖွဲ့ကလည်း ပြည်နယ်လိုချင်တယ်လို့ ဟော တဲ့ ကြေညာချက် စာရွက်စာတမ်းကို ကြည့်ချင်လျှင် ဦးလှထွန်းဖြူဆီမှာ ရှိပါတယ်။ ကျောက်ဖြူကျတော့ သည်လို စာရွက်၊ စာတမ်း မရှိတော့ဘူး။ များသောအားဖြင့် ရမ်းဗြဲ မဲဆန္ဒနယ်မှာ ဆိုလျှင် သန့်ရှင်းကလည်း ပြည်နယ်လိုတယ်လို့ ပြောတယ်။ တသီး ပုဂ္ဂလတပ်ပေါင်းစုလည်း ပြည်နယ်လိုတယ် ပြောတယ်။ ရတညကလည်း ပြည်နယ်လိုတယ် ပြောတယ်။ လူတွေက ဘာစဉ်းစား သလဲဆိုတော့ ပြည်နယ် တောင်းလာတာက ရတညက အစကတည်းက တောင်းတယ်။ ယခုလက်ရှိ ပုဂ္ဂိုလ်တွေကတော့ တောင်း သလား၊ မတောင်းသလား မသိဘူး။ ဒါကြောင့် ရတည ကိုပဲ မဲပေးတယ် ဆိုပြီးတော့ ရွေးကောက်ပွဲဝင်တဲ့အခါမှာ မဲဆန္ဒ ရှင်တွေဟာ ကျွန်တော်တို့ကို မဲပေးတယ်။ ကျွန်တော်တို့ ၈ ယောက် ရှိတယ်။ ဒီ ၈ ယောက်ထဲမှာ တည်မြဲက ပြည်နယ် မလို ဘူး။ ပြည်သူတွေက ပြည်နယ်ကို လိုလို့ ထောက်ခံလို့ ကျွန်တော်တို့ တက်လာတာ။

ဦးကျော်တင့်

ကျွန်တော်တို့က ပြည်နယ်ကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ထောက်ခံ ဆွေးနွေးနေတာပါ။ ဒါပေမယ့် လူထု ဆန္ဒကို ယူတဲ့နေ ရာမှာ သဘောပေါက်အောင် ရှင်းနေတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဦးဘမြိုင်နှင့် ကျွန်တော်တွေ့တော့ ဦးဘမြိုင်က ပြည်နယ် ရပြီးရင် အခြေခံ ဥပဒေထဲမှာ သီးခြားပြည်နယ်ကို ဆက်မသွားဘဲနှင့် အပိုဒ်တပိုဒ်ထဲ ထားမည်လို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရတည ကတော့ သီးခြား ပြည်နယ် မရရင် အလကားဘဲ၊ မရလျှင် ဘယ်လို သွားရမည်မလဲလို့ ဟောတယ်။ ကျွန်တော်တို့ သန့်ရှင်းမှာပင်လျှင် ဟိုဘက်သည်ဘက် ခြားနားတာ မဟုတ်ပါဘူး။ ဦးဘမြိုင်တို့မှာလည်း ဦးဘမြိုင်က တမျိုး၊ ရတည အသစ်က တမျိုး၊ သည်လို ဟောနေကြပါတယ်။ သည်တော့ ကျွန်တော်တို့ဆီက လူထုဟာ ကျွန်တော် တင်ပြသလို ဘယ်လို သဘောနှင့် ဘယ်လို ကြိုက်လို ဘယ်ဘက်ကို မဲပေးရမည်လဲ ဆိုတာကို ကျွန်တော် ရိုးရိုးသားသား ပြောနေတာပါ။ ဦးဘမြိုင်ကတော့ ရခိုင် အစစ်မှန်လျှင် ရခိုင်ပြည်နယ်ကို ကန့်ကွက်မှာ မဟုတ်ဘူးလို့ ဆိုတော့ ကျွန်တော် ရခိုင် စစ်ချင်ပါတယ်။ ကျွန်တော် ကန့်ကွက်နေ တာ မဟုတ်ပါဘူး။

ဦးလှထွန်းဖြူ ဆွေးနွေးချက်

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ သံဃာ့အားကို ဘုရားဟော မလွန်ဆန်ရပါဘူးတဲ့။ ကျွန်တော်တို့ကို ကတိပေးတာ ရွေးကောက်ပွဲ မတိုင်မီက သို့တည်းမဟုတ် သန့်ရှင်း တည်မြဲ ကွဲတုန်းက ကတိမဟုတ်ပါဘူး။ ဝန်ကြီးချူပ်ဦးနုဟာ ရိုးရိုးသားသားနဲ့ ပေးတဲ့ ကတိ ကို ပြန်ကောက်တာပါ။ ဒါကို ဟိုဘက်က အမတ်တွေကို မပူပါနဲ့လို့ ထပ်ပြောလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ရခိုင်ပြည်နယ် အခြေအနေဟာ အထူးသဖြင့် ယခုမှ ဝန်ကြီးချူပ်ဦးနုက အတိအလင်း ပေးတာပါ။ ကျွန်တော်တို့ကို တည်မြဲဘက်က ခေါင်းဆောင်တွေက တိတ်တိတ်တမျိုး၊ ကျိတ်လို့ တမျိုး ၂ မျိုး၊ ၃ မျိုး ပေးပါတယ်။ (သြဘာသံများ)

သခင်စံမြင့်

ဥက္ကဋ္ဌကြီး ခင်ဗျား။ ။ပါလီမန်မှာ ဒီလို ဝါးတားတး မပြောစေချင်ပါဘူး။ အမှန်စင်စစ် သန့်ရှင်း တည်မြဲကွဲတုန်း က ပြည်နယ်မပေးလို့ ကျွန်တော်တို့ ၈ မဲထဲနဲ့ ရှုံးပါတယ်။

ဦးလှထွန်းဖြူ

ဥက္ကဋ္ဌကြီးခင်ဗျား။ ။ ကျွန်တော်နဲ့ တကွ ရ-တ-ည အဖွဲ့ဟာ ဘယ်တော့မှ ဝါးတားတား မပြောခဲ့ပါဘူး။ အတိအလင်းပဲ ကျွန်တော်တို့ အစီရင်ခံပါတယ်။ ဝန်ကြီးချူပ် ဦးနု မိန့်ခွန်းကို ဟိုဘက် (အတိုက်အခံဘက်ကို ဆိုလိုသည်) က ဝေဖန်တဲ့အခါမှာ ကျွန်တော် နားထောင်နေပါတယ်။ မပြောသာလွန်းလို့ စိတ်ထဲက မပါပေမယ့် ပါသယောင်ယောင် ဆောင်ပြီးတော့ ရခိုင်ပြည် နယ် ပေးပါသတဲ့။ ဒီလို အဓိပ္ပာယ်မျိုး ပြောပါသည်။ ကျွန်တော့်ကိုလဲ အပြင်မှာ ဒီလိုပဲ ရယ်မောမော ပြောပါတယ်။ ကျွန်တော် ထပ်ပြောတာက ဖဆပလ ကွဲတာ ပဓန မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ရဖို့ အချိန်အခါမှာ ရခိုင်ပြည်နယ်ဟာ ရရမှာပါပဲ။ ဒါကြောင့် အချိန်စေ့တဲ့အတွက် ရခိုင်ပြည်နယ် ရဖို့ ဖြစ်ပါတယ်။

ဤသို့ ပါလီမန် (ပြည်သူ့လွှတ်တော်) တွင် ဆွေးနွေးကြပြီးနောက် ယခုအခါ အစိုးရ၏ အတိုင်ပင်ခံအဖွဲ့က ရခိုင်ပြည်နယ် အရေးကို သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့အား စုံစမ်းပေးမြန်းလျက် ရှိနေကြောင်း၊ ရခိုင်ပြည်နယ် ပေးသင့်၊ မပေးသင့် အရေးမှာ ပါလီမန်အတွင်း ၌ ဆွေးနွေးကြသည်ထက်ပင် သဘောကွဲလွဲ ကျယ်လောင်နေသည်ဖြစ်ရာ အတိုင်ပင်ခံ အဖွဲ့က အစိုးရအား မည်သို့ အကြံပေး မည်ကိုသာ စောင့်မျှော်ကြရန် ရှိတော့ကြောင်း။

No comments: