Saturday 4 June 2011

ရခိုင်က ဗုဒ္ဓဆင်းတုတော် နေပြည်တော်မရွှေ့ရေး ဆန္ဒပြ


ဒေသခံ ၅၀၀၀ လောက်က နေပြည်တော်ကို မရွှေ့ဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တူးဖေါ်ရရှိ ခဲ့တဲ့ ရွှေ ဘုရားဆင်းထုတော် တစ်ဆူကို နေပြည်တော် ရွှေ့ဖို့စီစဉ်တာကို ထောင်နဲ့ချီ တဲ့ ဒေသခံတွေက ဆန့်ကျင် ကန့်ကွက်ခဲ့တဲ့ အတွက် ဆင်းတုတော်ကို မြောက်ဦးမြို့မှာပဲ ထားဖို့ အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ရ ပါတယ်။

ရွှေအလေးချိန် ၄ ပိဿာ ၆၄ ကျပ်သားရှိတဲ့ ဒီဆင်းတုတော်ကို လောကမဉ္စူ ရှေးဟောင်း စေတီတော်ကို ပြုပြင်ရာကနေ တခြား ဘုရား ဆင်းတုတော် ၂၆ ဆူနဲ့အတူ မေလ ၃၀ ရက် နေ့က တူးဖေါ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆင်းထုတော်ကို တူးဖေါ်ရရှိတာနဲ့ ချက်ချင်း ရွှေဆင်းထုတော် ဆိုတာကို မသိခဲ့ ပေမယ့် ဇွန်လ ၃ ရက်နေ့မှာ ပြည်နယ် ယဉ်ကျေးမူ ဝန်ကြီး ရောက်လာပြီးမှ ပန်းထိမ်ဆရာတွေနဲ့ စစ်ဆေးတဲ့ အခါ ရွှေဆင်းထုတော် ဖြစ်နေတာကို တွေ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာ နေပြည်တော် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒီဆင်းထုတော်ကို နေပြည်တော်ကို ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ စနေနေ့မှာတော့ ရွေ့ပြောင်းဖို့ လုပ်ရာမှာ မြို့သူ မြို့သားတွက ဝိုင်းဝန်းကန့်ကွက် ကြတဲ့ အတွက် နေပြည်တော်ကို ယူဆောင်မယ့် အစီအစဉ် ပျက်သွားပြီး ဆင်းထုတော်ကို မြောက်ဦးမြို့မှာဘဲ ထားရှိသွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဘုရားကို နေပြည်တော် ယူမယ့် အစီအစဉ် ပျက်သွားတဲ့ အတွက် မြောက်ဦးဒေသခံတွေ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။

အခု တူးဖေါ်ရရှိခဲ့တဲ့ ဘုရားဟာ မြောက်ဦးမြို့ မြောက်ဘက် ၂ ဖါလုံအကွာမှာ ဗောဓိရွှေဂူ တောင်တန်းမှာ တည်ရှိတဲ့ မန္တလေး ဒေါက်တာ သိန်းထွန်းတို့ မိသားစုက ပြုပြင်နေတဲ့ လောကမဉ္စူ စေတီဌာပနာတိုက်က ရရှိတာ ဖြစ်ပါတယ်။

ဘုရားဟာ အေဒီ (၈) ရာစု အစောပိုင်းမှာ ထုလုပ်တဲ့ ဘုရား ဖြစ်ပြီး ေသာလီ ခေတ်ကနေ မြောက်ဦးခေတ်ကို ပြောင်းရွှေ့ ယူပြီး ကိုးကွယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရှေးဟောင်း သုတေသန ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောပါတယ်။

အခု အဲဒီ ဘုရားဆင်းထုတော်ကို မြောက်ဦးမြို့က ရတနာမာန်အောင် ဘုန်းကြီးကျောင်းမှာ ထားရှိသွားမှာ ဖြစ်ပြီး အများပြည်သူတွေ ဖူးမျှော်နိုင်အောင် ဗိမာန်တော် ဆောက်လုပ်ကာ ပူဇော်ကိုးကွယ်သွားမှာ ဖြစ်တယ်လို့ ဘုရားဂေါပက လူကြီးတွက ပြောပါတယ်။


No comments: