Wednesday 2 April 2014

သန်းခေါင်စာရင်းသပိတ် ဖြစ်စဉ်အပေါ် ကျော်ဇောဦး၏ သုံးသပ်ချက်

သန်းခေါင်စာရင်းသပိတ် ဖြစ်စဉ်အပေါ် ကျော်ဇောဦး၏ သုံးသပ်ချက်
By Kyaw Zaw Oo
=================

ကျွန်တော် ကျော်ဇောဦး ပါ။ ...

တိုက်ပွဲဝင်ရဲဘော်များကို ကျေးဇူးတင်ကြောင်းပြောဖို့ နဲ့ ပြီးခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကို သုံးသပ်ဖို့အတွက် သည် ဆောင်းပါးကို ရေးပါသည်။

မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များ၊ တိုက်ပွဲဝင်ဖော် တိုက်ပွဲဝင်ဖက်များအား ကျေးဇူးတင်ရှိပါကြောင်း စကားများကို “အောင်မြင်စွာ သပိတ်လှန်” ပြီးသည့်နောက် ချက်ချင်း ရေးသား ပြောကြားမှု မပြုနိုင်ခဲ့သည့်အတွက် တောင်းပန်အပ်ပါသည်။

မတ်လ (၃၀) ရက်နေ့ နံနက် ဆယ်နာရီ (၄၅) မိနစ်တွင် ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကော်မီတီ က တာဝန်ခံထုတ်ပေးသော ကြေငြာချက်ထွက်လာသောအခါ စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက် အစည်းအဝေး ခန်းမအတွင်းရှိ သပိတ်ကော်မီတီဝင်များ တက်ကြွလှုပ်ရှားသူများ အားလုံး လက်ခုပ်သြဘာတီး ကြသည်။

ခန်းလုံးပြည့် လူတို့၏ သြဘာသံများ လက်ပန်းပေါက်ခတ်သံများအကြားတွင် လက်ခုပ်မတီးသူမှာ ကျွန်တော် တစ်ယောက်သာ ရှိလေသည်။ ကျွန်တော့်မှာ စဉ်းစား သုံးသပ်နေဆဲပင် ဖြစ်လေသည်။ ထို့နောက် ကွန်ပျူတာ စာရိုက်သည့် အိမ်သို့ သွား၍ “အောင်မြင်စွာ သပိတ်လှန်” သည့်အကြောင်းကို စစ်တွေမြို့တွင်း အသံချဲ့စက်ဖြင့် ကြေငြာရန် နှင့် အွန်လိုင်းတင်နိုင်ရန် အတွက် စာသားကို ပြီးစီးအောင်ရေးပေးခဲ့သည်။ အသံချဲ့စက်ဖြင့် ကြေငြာပေးမည့် လူ နှင့် ရဟန်းများက ကျွန်တော့် နှင့် မနီးမဝေးတွင် စိတ်မရှည်နိုင်စွာ စောင့်ဆိုင်းကာ မြန်မြန်ရေးပေးပါ မြန်မြန်ရေးပေးပါ ဟု ရယ်ကာမောကာ အော်နေ ပြောနေခဲ့ကြသည်။

ကြေငြာမည့်စာသားကို ရေးပေးပြီးသည် နှင့် ကျွန်တော်၏တာဝန်ပြီးဆုံးလေသည်။ နေ့လယ်စာထမင်းကို ဆိုင်တစ်ဆိုင်၌ သွားစားပြီးနောက် တစ်လလုံးလုံး တင်းထားခဲ့သော စိတ်များကို ဖြေလျှော့လိုက်ပါသည်။ တိုက်ပွဲသည် မပြီးသေးကြောင်း နှင့် အခြားတိုက်ပွဲပေါင်းများစွာ ကျန်နေသေးကြောင်း သိနေပါသော်လည်း တိုက်ပွဲများအကြားတွင် နားရန် လိုအပ်ပါသည်။

မတ်လဆန်းစ (၃) ရက်နေ့ နေ့လယ်က ဆိုလျှင် ကျွန်တော် နှင့် RNDP မိတ်ဆွေများသည် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ရေးသွင်းခွင့်ပြုခြင်းကို ကန့်ကွက်ဆန့်ကျင်ကြောင်း RNDP ထုတ်ပြန်ကြေငြာချက် စာကြမ်းကို ရေးသားနေခဲ့ကြသည်။

တင်းမာမှုများရှိခဲ့သော နောက်ထပ် (၂၆) ရက်အားဖြတ်သန်းပြီးနောက် မတ်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းတွင်မူ တင်းမာမှုများ လျော့ကျကာ သန်းခေါင် စာရင်းကောက် ၀တ်စုံဝတ်ထားသူများ လမ်းမကြီးတွင် အုပ်စုလိုက်သွားနေကြသည်ကို တွေ့ရလေသည်။

မတ်လ (၃၀) ရက်နေ့ညပိုင်းတွင် နိုင်ငံပိုင် တီဗီချန်နယ် သတင်းများတွင် စစ်တွေမြို့၌ သန်းခေါင်စာရင်း ကောက်နေကြပုံများ သန်းခေါင်စာရင်းအကောက်ခံကြသူများ နှင့်အင်တာဗျူးများကို လွှင့်ချိန် အများကြီးပေးကာ ရုပ်သံလွှင့်သည်ကို တွေ့ရသည်။

သဘောကတော့ တွေ့တယ် မဟုတ်လား၊ ရခိုင်တွေ သန်းခေါင်စာရင်းအကောက်ခံ နေကြတယ်ဆိုတာ၊ ဆိုသည့် သဘောဖြစ်လေသည်။
သည်လိုဆိုတော့၊ မှန်းဆကြည့်ရလျှင် သန်းခေါင်စာရင်းကို ရခိုင်လူမျိုးများ တညီတညွတ်တည်း သပိတ်မှောက်ကြတော့မည့် အလားအလာကို အခိုင်အမာ မြင်နေရသည်မှာ အစိုးရမင်းတို့အတွက် အလွန်အမင်း ခေါင်းကိုက်တုန်လှုပ်စရာ ဖြစ်ခဲ့ပေလိမ့်မည်။ ထိုနည်းတူစွာပင် မတ်လ (၃၀) ရက်နေ့ မနက်ပိုင်းတွင် ပြည်နယ် သန်းခေါင်စာရင်းကော်မီတီ ထံမှ စာကို လက်ခံရရှိသောအခါ သပိတ်ကော်မီတီဝင်များ အတောမသတ် လက်ခုပ် တဖြောင်းဖြောင်းတီးကြသည်မှာ အစိုးရနဲ့ ဆက်ပြီးထိပ်တိုက် သွားစရာ သပိတ်မှောက်စရာ မလိုတော့သည့်အတွက် ရင်ထဲက အလုံးကြီးပြုတ်ကျပြီး ၀မ်းသာလုံးဆို့ကာ လက်ခုပ်လက်ဝါးတီးကြသူများလည်း ပါနေလို့ ဖြစ်ပေလိမ့်မည်။ တော်ပါသေးရဲ့ ဆိုသော သဘောမျိုး။

ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခုပြီးပြီ ဆိုလျှင် ရရှိခဲ့သော သင်ခန်းစာများကို ပြန်လှန် သုံးသပ်ရမည့် တာဝန်ရှိပေသည်။ ရရှိခဲ့သော သင်ခန်းစာများ (lessons learned) ကား အဘယ်နည်း။

(၁) ဒေါ်လာသန်းခြောက်ဆယ်သာရမည်ဆိုလျှင် ပြည်ထောင်စုအစိုးရသည် ရခိုင်လူမျိုးတို့အား ရောင်းစားပစ်ရန် ၀န်မလေး။ ဒေါ်လာသန်းခြောက်ရာ၊ ဒေါ်လာသန်းခြောက်ထောင် သာဆိုလျှင် ဆိုဖွယ်ရာမရှိ။

(၂) မိမိတို့ရင်ဆိုင်ခဲ့ရသောတိုက်ပွဲက မိမိတို့၏ လက်ရှိအနေအထားကို ပြက်ပြက်ထင်ထင်မြင်နိုင်အောင် ညွှန်ပြသည်။ မိမိတို့သည် မိမိတို့ကို ၀ါးမြိုရန်ကြိုးစားနေသော ကုလားများနှင့် မိမိတို့အား ကုလားများထံရောင်းစားရန် ၀န်မလေးသော ပြည်ထောင်စုအစိုးရတို့အကြား ဆက်လက် အသက်ရှင် ရပ်တည်နိုင်အောင် နည်းလမ်းရှာ လုပ်ကိုင်သွားနိုင်ရမည်။ မိမိတို့ရှေ့ဆက် ရင်ဆိုင်ရမည့် ပြဿနာများကား အလားတူ ပြဿနာများဖြစ်လေသည်။ စစ်မျက်နှာ နှစ်ဖက်မဖွင့်ရ ဆိုသည်မှာ အခါခပ်သိမ်းမမှန်။ အလှမ်းဝေးသည့် လုံးဝလွတ်လပ်ရေးအစား ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်ရနိုင်အောင်ကိုသာ ကြိုးပမ်းရင်း ကုလား နှင့် ဗမာအကြားတွင် ရခိုင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို နည်းလမ်းမျိုးစုံဖြင့် တိုးချဲ့ တည်ဆောက်သွားခြင်းသာလျှင် လက်တွေ့ကျသော ချဉ်းကပ် လုပ်ဆောင်မှု ဖြစ်ပေသည်။ ကုလားရန်ကိုကြောက်သည့်အတွက် ဗမာကို အခါခပ်သိမ်း ဖားရမည် ဆိုသည်မှာ မှန်ကန်မှု မရှိပေ။

(၃) မိမိတို့၏ အတွင်းစည်းလုံခြုံမှုကို အစဉ်မပြတ်သုံးသပ် တင်းကြပ်နေရန် လိုအပ်သည်။ ပြီးခဲ့သော တိုက်ပွဲကာလအတွင်း အစိုးရသည် မိမိတို့ထဲမှ အတွင်းလူများ ခေါင်းဆောင်ဆိုသူများကို တစ်စချင်း ဖဲ့ထုတ် နေခဲ့သည်။ အဆိုပါ သပိတ်မြန်မြန်လှန်စေလိုသူများသည် မူကို မြဲမြံစွာကိုင်ထားသူများအား အစွမ်းရောက်များ ဟု စွပ်စွဲကာ သပိတ်အနေအထားကို ယိမ်းယိုင်စေတတ်သည်။

(၄) သပိတ်ကို ကြားဝင်စေ့စပ်ပေးသူအချို့က ပြောကြားသော ‘သပိတ်ကို မှောက်သူတို့သည် ရခိုင်လူမျိုးတို့အား ချောက်ထဲသို့ ဆွဲချနေခြင်းဖြစ်သည်’ ဆိုသော စွပ်စွဲချက်မှာ လုံးဝမှားယွင်းသည်။ ရခိုင်လူမျိုးတို့အား သန်းခေါင်စာရင်းမကောက်ခဲ့ရပါက ရခိုင်တို့ ခံစားရမည့် နစ်နာမှု၊ ရခိုင်ဆိုသော တိုင်းရင်းသားလူမျိုးတစ်မျိုးအား သန်းခေါင်စာရင်းကောက်၍မရနိုင်ခဲ့ပါက ပြည်ထောင်စု အစိုးရ ရရှိမည့် နစ်နာမှု၊ ကုလားများကသာ ရိုဟင်ဂျာ ဟု မှတ်တမ်းတင်ခွင့်ရသွားပါက ရခိုင်လူမျိုးအပါအ၀င် ပြည်ထောင်စုသားများ အားလုံး ခံစားသွားရမည့်နစ်နာမှု များ အားလုံး နှင့် တိုက်ပွဲအောင်မြင်ပါက ရနိုင်သည့် အကျိုးတို့အား တွက်ချက် လုပ်ဆောင်ခြင်းဖြစ်သည်။ သပိတ်ကိုသာမလှန်ခဲ့ပါက စစ်တွေအပါအ၀င် အနည်းဆုံး မြို့ငါးမြို့တို့တွင် အပြည့်အ၀ သပိတ်မှောက်ကြပြီး အခြားရခိုင်မြို့များတွင် ငါးဆယ်ရာနှုန်းထက်မနည်း သပိတ်မှောက်ခဲ့ကြဖွယ်ရာ ရှိသည်။ သပိတ်ကို “အောင်မြင်စွာ” မလှန်ခဲ့လျှင် နိုင်ငံရေးအမြတ် နှင့် အခြားအကျိုးအမြတ်အချို့ မှာ သည့်ထက်မက များနိုင်သည်။ သို့သော် ရန်ကုန်တိုင်းတွင် ရခိုင်လူဦးရေ ကိန်းဂဏန်း လျှော့ကျသွားမှုကြောင့် မိမိတို့ နစ်နာမှုရှိနိုင်သည်။

(၅) အကယ်၍သာ ဤကဲ့သို့ ရိုဟင်ဂျာအမည်ထည့်သွင်းခွင့်မပြုဖို့ အုံကြွတောင်းဆိုခြင်း၊ ထိုအချက်ကို ဆန့်ကျင်ကာ သပိတ်မှောက်ရန် ပြင်ဆင်ခြင်းတို့သာ မပြုခဲ့ကြလျှင် ပြည်ထောင်စုအစိုးရသည် ကုလားများအား ရိုဟင်ဂျာဟု ဖြည့်သွင်းခြင်းကို အမျိုးသား အန္တရာယ် ဟု သတိမမူဘဲ ခွင့်ပြုပေးခဲ့ဖွယ်ရာရှိသည်။ ထိုအချက်ကို စောင့်ကြည့်ဖော်ထုတ်တပ်လှန့်ခဲ့သော RNDP ပါတီ ၊ ထို့နောက် (နှစ်ရက်အကြာ နှစ်ပါတီပေါင်းစည်းဖို့ ခွင့်ပြုမိန့် ကျလာသည့်အတွက်) RNDP ပါတီရပ်တည်မှု ရုတ်ချင်း ပျောက်ကွယ်သွားသည့်အချိန်တွင် တိုက်ပွဲ ဦးဆောင်မှုကို လက်ဆင့်ကမ်းယူလာခဲ့သော ရခိုင်လူမှုကွန်ရက် တို့မှာ သမိုင်းမှတ်တိုင်များ စိုက်ထူခဲ့သည် ဟု အသိအမှတ်ပြုရမည် ဖြစ်သည်။

(၆) သပိတ်လှန်လိုက်သည့်အချိန်မှစ၍ တာဝန်သည် အတိုက်အခံများ၏ပုခုံးပေါ်ကနေ ပြည်ထောင်စု အစိုးရ၏ ပုခုံးပေါ်သို့ လုံးလုံးလျားလျား ရောက်သွားသည်။ တပ်လှန့်သူများ၊ အန္တရာယ်ကို အချက်ပေးသူများ၊ တတ်နိုင်သမျှ တိုက်ခိုက်ဆန့်ကျင်ခဲ့ကြသူများသည် ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ အနေအထားဖြင့် သပိတ်လှန်ခဲ့ကြပြီးသည်နောက် ထိုအန္တရာယ်ကို ဆက်လက်ကာကွယ်ရမည့်တာဝန်သည် ပြည်ထောင်စု အစိုးရ၏ တာဝန်ဖြစ်သည်။ နိုင်ငံတကာက မည်သို့ပင်ဆိုဆို မည်သို့ပင် ဖိအားပေးပေး ရိုဟင်ဂျာ ဟူသည့်စကားလုံးအား သန်းခေါင်စာရင်းတွင် မှတ်တမ်းမကျန်စေရန်မှာ ပြည်ထောင်စု အစိုးရ၏ တာဝန်ဖြစ်သည်။
(၇) ထိုတာဝန်တို့အား ပြည်ထောင်စုအစိုးရ တာဝန်ကျေမကျေ ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရန်မှာ ကျွန်ုပ်တို့အားလုံး၏ တာဝန် အဖြစ် ရှိနေပြန်သေးသည်။

(၈) ယခုတိုက်ပွဲမှ ရရှိသော အင်အားကို ရယူပြီး နောက်ထပ် အနိုင်တိုက်ရမည့် တိုက်ပွဲတစ်ပွဲမှာ White Card ကိုင်သူများ မဲပေးခွင့်ရှိနေခြင်းကို ဖျက်သိမ်းရမည့် တိုက်ပွဲဖြစ်ပါသည်။
လေးစားစွာဖြင့် -
ကျော်ဇောဦး

====================
ရက်စွဲများ နှင့် အဖြစ်အပျက်များ
၁။ သန်းခေါင်စာရင်းကောက်ခံမှုတွင် ရိုဟင်ဂျာ လူမျိုးလိမ်နာမည်အား ထည့်သွင်းခွင့်ပြုခြင်းကို ကန့်ကွက်ကြောင်း နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ၂၀၁၄-ခုနှစ် မတ်လ (၄) ရက်နေ့ ညကိုးနာရီတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ကြေငြာချက်ထုတ်ပြန်သည်။

၂။ နောက်တစ်နေ့ မတ်လ (၅) ရက်နေ့ နံနက် ကိုးနာရီတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီ က နေပြည်တော်တွင် ရောက်ရှိနေကြသော RNDP လွှတ်တော်အမတ် အချို့အား ချိန်းဆိုတွေ့ဆုံကာ RNDP က ထုတ်ပြန်ချက် ထုတ်ထားသည့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသည်။

၃။ မတ်လ (၆) ရက်နေ့တွင် ရခိုင်နှစ်ပါတီ ပေါင်းစည်းခွင့်ကျလာသည်။ ထိုကဲ့သို့ ပေါင်းစည်းခွင့် ကျလာသည့်အတွက် ယခင်နှစ်ပါတီ RNDP နှင့် ALD တို့၏ တည်ရှိမှုအလိုအလျောက် ပျက်ပြယ်သည်။ အစိုးရကမူ ထိုနှစ်ပါတီအားဖျက်သိမ်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြေငြာသည်။

၎။ ၂၀၁၄-ခုနှစ် မတ်လ (၉) ရက်နေ့တွင် စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက် တွင် စစ်တွေမြို့ပေါ်ရှိ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ ရဟန်းသံဃာတော်များ တွေ့ဆုံဆွေးနွေးကာ “ရခိုင်ပြည်လုံးဆိုင်ရာ ကျုးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မီတီ (စစ်တွေ)” အား ဖွဲ့စည်းကြသည်။ အဆိုပါ ကော်မီတီတွင် သြ၀ါဒ စရိယ ဆရာတော်ကြီး (၁၈)ပါး၊ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော် (၂၁)ပါး၊ လူပုဂ္ဂိုလ် (၂၈) ဦးတို့ ဖြင့် ဖွဲ့စည်းသည်။ ဦးခင်မောင်ကြီး၊ ဦသန်းထွန်း နှင့် ဦးကျော်ဇောဦးတို့ သုံးဦးအား ကော်မီတီ၏ ပြောရေးဆိုခွင့် ရှိသူများ အဖြစ် ရွေးချယ်ခန့်အပ်သည်။

၅။ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ရေးသွင်းခွင့်မပြုရေးအတွက် မတ်လ (၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း အနည်းဆုံး ဆယ်မြို့တို့၌ ဆန္ဒထုတ်ဖော်ကြသည်။ ကျန်မြို့များ အားလုံးလိုလို ၌မူ ဆယ်တန်းစာမေးပွဲအပြီးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၆။ ရိုဟင်ဂျာ ဟူသော နာမည်လိမ်ကို ထည့်သွင်းခွင့်မပြုကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ၂၁ ရက်နေ့ နေ့လယ် ၁၂-နာရီကို နောက်ဆုံးထား၍ ထုတ်ပြန်ကြေငြာရန် သပိတ်ကော်မီတီက ရာဇသံပေးသည်။

၇။ Zeeshan Khan ဆိုသူက ရေးသားသော “ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန်လိုပြီလား” ဟု ခေါင်းတပ်ထားသည့် ဆောင်းပါးကို Dahaka Tribune တွင် မတ်လ (၂၀) ရက်နေ့က ဖော်ပြခဲ့သည်။ ကရိုင်းမီးယား ဥပမာကို နမူနာယူကာ ရခိုင်မြောက်ပိုင်းရှိ ဘင်္ဂါလီများအား လူထုဆန္ဒခံယူပွဲလုပ်ပြီး ရခိုင်မြောက်ပိုင်းကို ဘင်္ဂါလာဒေ့ရှ်နိုင်ငံနှင့် ပေါင်းစည်းသင့်ကြောင်း အဆိုပါ ဆောင်းပါးတွင် ရေးသားထားသည်။

၈။ မတ်လ (၂၁) ရက်နေ့ နေ့လယ် ၁၂-နာရီကို ကျော်လွန်သွားသော်လည်း ပြည်သူတို့တောင်းဆိုသည့်အတိုင်း အစိုးရက ထုတ်ပြန်ခြင်းမပြုခဲ့သည့်အတွက် အရှိန်မြှင့်လုပ်ဆောင်ရန် (၂၃) ရက်နေ့အစည်းအဝေး၌ ဆုံးဖြတ်ကြသည်။ သန်းခေါင်စာရင်းအကောက်မခံဘဲ သပိတ်မှောက်သည့် အထိမ်းအမှတ်အဖြစ့် သာသနာ့အလံများကို နေအိမ် အဆောက်အအုံများတွင် လွှင့်ထူပြီး သပိတ်နှိုးဆော်ခြင်းကို စတင်သည်။

၉။ မတ်လ (၂၆) ရက်နေ့ ညနေ (ရ) နာရီ ပတ်ဝန်းကျင်လောက်တွင် Malteser အန်ဂျီအို အဖွဲ့မှ အမေရိကန်နိုင်ငံသူ အရာထမ်း Ms. Yvonne Dunton က ၄င်းတို့ငှားရမ်းထားသည့် အိမ်တွင် အိမ်ပိုင်ရှင်က လွှင့်ထူထားသော သာသာနာ့အလံကို ဖြုတ်ယူသည်ကို မျက်မြင်သက်သေများ မြင်တွေ့မကျေမနပ်ဖြစ်ရာမှ ရုန်းရင်းဆန်ခတ်မှုများ စတင်ဖြစ်ပွားသည်။ ကျောင်းတက်လမ်းရပ်ကွက်၊ ဘောင်ဒွတ်သားစုရပ်ကွက်၊ ဘောက်သီးစုရပ်ကွက် တို့အတွင်း NGO များငှားရမ်းထားသည့် အဆောက်အအုံများ လူအုပ်ဖြင့် ခဲပေါက်ခြင်း ခံရသည်။

၁၀။ နောက်တစ်နေ့ မတ်လ (၂၇) ရက်နေ့တွင် ရုန်းရင်းဆန်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တွေမြို့ပေါ် နေရာအနှံ့ရှိ NGO များ ငှားရမ်းထားသည့် နေအိမ် အဆောက်အအုံများ ခဲပေါက်ဖျက်ဆီးခြင်းခံရသည်။ ညနေ ငါးနာရီခန့်တွင် ရူပတောင်ရပ်ကွက်ရှိ WFP ဆန်ဂိုဒေါင်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် မိမိ အိမ်ဝရံတာတွင် ရှိနေသူ အပြစ်မဲ့ အမျိုးသမီးငယ် ညီးမ (၁၃ နှစ်) မှာ သေနတ် ကျည်ထိသည့် ဒဏ်ရာရသည်။ စစ်တွေ ဆေးရုံကြီးအရောက်တွင် သေဆုံးသည်။

၁၁။ ထိုနေ့တွင်ပင် စစ်တွေမြို့၌ ပုဒ်မ-၁၄၄ အရ ညမထွက်ရအမိန့် သတ်မှတ်သော အချိန်ကို ယခင် (ညဉ့်၁၂ နာရီ-နံနက် ၄ နာရီ) အချိန်သတ်မှတ်ချက်မှ ည ၆ နာရီမှ နံနက် ၆ နာရီထိ တိုးမြှင့် သတ်မှတ်သည်။

၁၂။ လ၀က ၀န်ကြီး ဦးခင်ရီ ခေါင်းဆောင်သော အစိုးရအရာရှိကြီးများ နှင့် ဦးခင်မောင်ကြီး၊ ဦးကျော်ဇောဦး၊ ဦးသာပွင့်၊ ဦးသန်းထွန်း တို့ခေါင်းဆောင်သော “ကျူးကျော်ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မီတီ” တို့ ရခိုင်ပြည်နယ် အစိုးရရုံးတွင် မတ်လ (၂၉) ရက် ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးကြသည်။ တိကျရှင်းလင်းသော အဖြေကို မရခဲ့။

၁၂။ ၂၀၁၄-ခုနှစ် မတ်လ (၃၀) ရက်နေ့ နံနက် ဆယ်နာရီ လေးဆယ့်ငါးမိနစ် အချိန်တွင် ရခိုင်ပြည်နယ် သတ်းခေါင်စာရင်းကော်မီတီက ပြည်ထောင်စု အစိုးရက လွှဲအပ်ထားသော လုပ်ပိုင်ခွင့်များအရ ရိုဟင်ဂျာအမည်ကို သန်းခေါင်စာရင်းတွင် ဖြည့်သွင်းခြင်းမပြုကြောင်း ကြေငြာချက်တစ်စောင်ကို စစ်ကဲတော်မင်းကျောင်းရှိ သပိတ်ကော်မီတီသို့ လာရောက်ပေးအပ်သည်။ သပိတ်ကော်မီတီ အနေဖြင့် “အောင်မြင်စွာ သပိတ်လှန်” လိုက်ကြောင်းကို စစ်တွေမြို့ပေါ်တွင် အသံချဲ့စက်များဖြင့် ကြေငြာသည်။ ရခိုင်ပြည်နယ် တစ်ခုလုံသို့ ဖုန်းဖြင့် အကြောင်းကြားသည်။ ယင်းနေ့ မွန်းလွဲပိုင်းတွင် ရခိုင်တစ်ပြည်နယ်လုံး၌ သန်းခေါင်စာရင်းကို စတင်ကောက်ခံသည်။

No comments: