Friday 22 January 2010

Tuesday 19 January 2010

မိုင်တိုင်အမှတ် ၄၀

ရခိုင်.....စါဆိုရိုတိစုစီးမူ...
Publishment from.. ရခိုင်သားကြီးလှမြင်.
and PDF by
့Khaing Aung Aung
http://c2.api.ning.com/files/-0b7l*JhUNDCAkWBvBkVq1GNXRXhEksEPg7qTVZNzE9UY-Bq-D9pjiOP4KKp5AmW-UkDnPIGyWmhsPvDr2atI7t8etLIvi8l/ArakanStoriesCollection.pdf

Thursday 14 January 2010

သမိုင်းပညာရှင် ပဏ္ဍိပ် ဦးဦးသာထွန်း




(၂၃-၁၀-၁၉၁၇) (၁၄-၈-၁၉၉၀)

‘နိုင်ငံ အကျိုးပြုအဖိုးတန်ရတနာများ’ စာအုပ်ကိုစာရေးသူက ပြုစုလျက်ရှိရာ ဆရာကြီးဦးဦးသာထွန်း၏ အတ္တုပ္ပတ္တိကို ရေးသားခွင့်နှင့် အရေးကြုံလာ၍ များစွာနှစ်ထောင်းအားရဖြစ်မိပါသည်။ ကျွန်တော့်ဘ၀တွင် ငယ်စဉ်ပင် ၀ါသနာထုံခဲ့သော သမိုင်းဘာသာရပါအတွက် ပေါင်းကူးတတားသဖွယ် ဆက်သွယ်ပေးခဲ့သော လက်ဦးဆရာပင်ဖြစ်ပါသည်။ သမိုင်းပညာရှင် သမိုင်းပဏ္ဍိပ်ဟု ယခုဤစာအုပ်တွင် ဖော်ပြထားသော်လည်း ကျွန်တော်ငယ်စဉ်က ဆရာကြီး ဦးဦးသာထွန်းကို ဆရာဟုမခေါ်ခဲ့ပါ။ ရခိုင်တို့ ထုံးစံအတိုင်း ‘အခင်’ (ဦးလေး) ဟုသာခေါ်ခဲ့ပါသည်။ စာရေးသူသည် မြောက်ဦးသားဇာတိမဟုတ်ပါ။ ၁၉၅၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ မြို့ဟောင်းမြို့(မြောက်ဦး) တွင်မိဘနှင့်အတူ နေဖူးခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က စာရေုးသူ၏ ဖခင်ဦးမောင်သာဇံသည် တရားသူကြီးရာထူဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုစဉ်ကကျွန်တော်တို့၏အိမ်သည် နန်းရာကုန်းအပြင်ဘက် ကျုံးနေရာနှင့် ဘောလုံးကွင်း (ရခိုင်ရှင်ဘုရင်များလက်ထက်က ‘၀ယိုင်တာ’ ဥယျာဉ်) လမ်းထိပ်တွင်တည်ရှိခဲ့ပါသည်။ အိမ်၏အောက်ထပ်နှင့် အိမ်အပေါ်ထပ် ဆင်ဝင်တွင် ရုံးဖွင့်လှစ်ထားပြီး အပေါ်ထပ်နောက်ဘက် တစ်ခြမ်းတွင် ကျွန်တော်တို့မိသားစု နေထိုင်ခဲ့ပါသည်။ ထိုအချိန်က နန်တော်၏အရှေ့တောင်ဘက်တွင် ရခိုင်ရှင်ဘုရင်များ လက်ထက်က ဗဟိုစည်တီးသည် ဟု မခေါ်ဘဲ ‘ဗဟိုဆည်ယွန်းသည်’ ဟုဆိုပါသည်။ ယင်းတောင်ကိုလည်း ‘ယွန်းတောင်’ ဟုခေါ်ပါသည်။ နှစ်ပရိစ္ဆေဒကြာညောင်းလာ၍ ယွန်းတောင်ကို ‘လွမ်းတောင်’ ဟုစကားရွှေ့လျားလားခြင်းဖြစ်ပါသည်။ လွမ်းတောင်ခြေနားတွင် အ.ထ.က ကျောင်းရှိပါသည်။ ယင်းကျောင်းတွင် ဆဋ္ဌမတန်းနှင့် သတ္တမတန်းကို အောင်မြင်ခဲ့ပြီး အသက် ၁၅ နှစ်ပင် မပြည့်သေးပါ။
ကျွန်တော်သည် ငယ်စဉ်ကပင် သမိုင်းကိုအလွန်ဝါသနာပါစိတ်ဝင်စား မှန်းသိ၍ ဆရာသည် ဘယ်ကိုပဲသွားသွား ကျွန်တော့်ကို လာခေါ်ပါသည်။ ကျွန်တော်နှင့် ကျောင်းနေဖက်သူငယ်ချင်းကိုရွှေသာ (ဆန်စက်ပိုင်ရှင် ဦးရဲဘော်သား) လည်းတစ်ခါတစ်ရံ ပါလာတတ်ပါသည်။ ကိုရွှေသာသည် ကျွန်တော့်ထက် တစ်တန်းကြီးပါသည်။
ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်လူမျိုးကို အလွန်ချစ်သလို ရခိုင်ရာဇ၀င် (သမိုင်း) ကိုလည်းအလွန်တန်ဖို့ထားတတ်ကြောင်း ထိုစဉ်ကပင် ကျွန်တော်သိခဲ့ရပါသည်။ ထိုစဉ်က(မြို့ဟောင်း) မြောက်ဦးမြို့ရှိ ဘုရားတိုင်းလိုလိုပင် ဌာပနာအဖောက်ခံထားရ၍ ဌာပနာအဖောက်မခံရသောဘုရားဟူ၍ မရှိသလောက်ပင် ရှားပါးပါသည်။

ရတနာပုံစေတီ (နို့ပုံစေတီ) ကိုမသာမာသူများက ညအချိန်တွင် ဌာပနာ လာဖောက်ကြ၍ စေတီတစ်ခြမ်းပြိုကျသွားကြောင်း လူ၃၊၄ ယောက် ကျောက်ပုံကြားတွင် ပိ၍သေဆုံးနေသည်ကိုနံနက်တွင် တွေ့ရကြောင်း မြို့ခံလူများက ပြောသည်ကိုမှတ်မိပါသေးသည်။ ရတနာပုံစေတီသည် မြောက်ဦးမြို့တွင် ထုထည်အကြီးမားဆုံးစေတီဖြစ်ပြီး စေတီတစ်ခြမ်းပြိုကျစဉ်က တော်လဲသံတမျှ မြည်မဟီးပြီး ပြိုကျခဲ့ကြောင်း အသိမိတ်ဆွေများက ပြောပြပါသည်။


တစ်နေ့တွင်လည်း ကျွန်တော်တို့အိမ်နာနှင့်မလှမ်းမကမ်းတွင်နေသော ဒေါ်ကောက်မ၏ယောင်္ကျာနှင့် ကျွန်တော့်ကိုလာခေါ်ပါသည်။ သျှစ်သောင်းဘုရားကို အတွင်လမ်းမှဖြတ်၍ ရတနာပုံစေတီကိုသွားကြစဉ် အံတော်သိမ်ဘုရားအရောက်တွင် ဘုရားကိုလက်ညိုးထိုး၍ လက်ရာအမြောက်ဆုံး ဘုရားစေတီ တစ်ဆူဖြစ်ကြောင်း၊ ကျောက်များကိုစီရာတွင် အင်္ဂတေကိုမသုံးဘဲ စရွေးကိုက်လုပ်ထားကြောင်း။ အပ်ထိုး၍ပင်မ၀င်ကြောင်း ပြောပြသည်ကို အမှတ်ရမိပါသေးသည်။


ရတနာပုံစေတီတစ်ခြမ်းပြိုကျလျက်ရှိသောဘက်၌ သုံးယောက်သား သစ်ပင်များကိုဖယ်ရှားပြီး ခဲရာခဲဆစ် သပိတ်မှောက်အထိ တက်ကြပါသည်။ သပိတ်မှောက်ဌာပနာတိုက်အတွင်းမှ ပြိုကျ၍ ပေါ်ထွက်နေသောဘုရားဟုထင်ပါသည်။ ကျောက်ခဲများကြားတွင် ထိုင်တော်မူ (၃ ပေလောက် မြင့်မည်ထင်ပါသည်။) ကျောက်ဆင်းတုတော်တစ်ဆူကို ဘေးနားမှပိတ်ဆို့နေသော ကျောက်တုံးများကို ဖယ်ရှားပြီး စေတီပေါ်မှထမ်း၍ အောက်သို့ယူလားခဲ့ကြပါသည်။ သျှစ်သောင်းဘုရားကြီး သိမ်ရှေ့ မင်းဗာကြီးရုပ်တုနားတွင် ထားခဲ့ကြသည်ကို မှတ်မိနေပါသေးသည်။
ထိုစဉ်က ထုက္ကန်သိမ်ဘုရားထဲကို မည်သူမျှဝင်၍မရပါ။ ဘုရားအတွင်းတွင် မှောင်မဲနေပြီး လင်းနို့များခိုအောင်းလျက်ရှိပါသည်။ ကြမ်းခင်းတွင် လင်းနို့ချေးများခြေမျက်စိမြုပ်ပါသည်။ ဆရာကြီးသည် ကျွန်တော့်ကိုခေါ်၍ ထုက္ကန်သိမ်အထဲကို ၀င်ကြပါသည်။ အပြင်ဘက်ကစ၍ ၀င်ပါသည်။ ကျွန်တော့် တသက်တွင် ထုက္ကန်သိမ်အထဲကို ပထမဆုံးဝင်ဖူးခြင်းဖြစ်ပါသည်။ မှောင်မဲနေ၍ ပတ်လမ်းအတိုင်းမ၀င်ဘဲ အပြင်ပတ်လမ်းမှ ထိုင်တော်မူဘုရားဂူပေါက်မှ ကျော်ဝင်ပြီး အတွင်းပတ်လမ်းအထဲကို ၀င်ပါသည်။ ကျွန်တော်က ကြောက်၍ ဆရာကြီး၏လက်ကို တအားဆုပ်ကိုင်ထားပါသည်။ ခဏကြာလျှင် လင်းလားလိမ့်မည်ဟု ဆိုပါသည်။ ဆရာကြီးပြောသည့်အတိုင်း ခဏကြာလျှင် နံရံတွင်ထုထားသော ရုပ်ကြွရုပ်လုံးရုပ်ထုအားလုံးကို မြင်လာပါသည်။ အလင်းဝင်ပေါက်မှ အလင်းများဝင်နေသည်ကို တွေ့ရပါသည်။ ဆရာကြီးသည် ပါလာသောဖယောင်းတိုင်ကို မီထွန်းပြီး နံရံရှိ အမျိုးသမီးများ ကျောက်ဆစ်လက်ရာဆန်လုံးပုံထုလုပ်ထားသော ရုပ်ကြွအရုပ်များကို ကျွန်တော့်အားပြပါသည်။ ဆရာကြီးသည် ဆောင်းပါးရေးရန် အထောက်အထားလို၍ လားကြည့်ဟန်တူပါသည်။ ကျွန်တော့်ကိုလိုက်ပြခြင်းကား မဟုတ်ပါ။
ထိုစဉ်က ရန်အောင်ဇေယျခေါ် သျှစ်သောင်းပုထိုးတော်ကြီး၏ အရန်စေတီငယ်အားလုံးသည် ဌာပနာဖောက်ခံထားရ၍ မြင်မကောင်းလောက် အောင်ပင် သပတ်မှောက်များတွင် ဟောင်းလောင်းပေါက်ဖြစ်လျက်ရှိပါသည်။ ဆရာတော်ကြီးသည် တစ်နေ့တွင် ကျွန်တော့်ကိုလားခေါ်ပြီး သျှစ်သောင်းဘုရားအနီးရှိ အုတ်ခဲများကို တစ်နေရာတွင် စုခိုင်းပါသည်။ ဘုရားအထဲမှ သံနှင့်ဘိလပ်မြေများကိုရော၍ အုတ်ခဲများနှင့် နဂိုပုံမပျက်ပိတ်သည်ကို အမှတ်ရမိပါသေးသည်။
မပိတ်မှီ ဆရာကြီးသည် အုတ်ပြားတစ်ပြားကိုယူ၍ ၁၉၉၅ ခုဟုဆောက်နှင့်ထွင်း၍ ရေးသားပြီးမှ ယင်းသက္ကရာဇ်ပါ ကျောက်ပြားကို အထဲတွင် ထည့်ပြီးမှ ပိတ်ပါသည်။ မည်မျှ သုတေသီသမိုင်းဆရာပီသကြောင်း ပေါ်လွှင်ပါသည်။ ဌာပနာအဖောက်ခံထားရသော အပေါက်ကို သာမန် ပန်းရန်ဆရာတစ်ဦးကဲ့သို့ မပိတ်ခဲ့ပါ။ တစ်ချိန်တစ်ခါတွင် နောင်လာနောက်သားများ မှတ်တမ်းကျန်ရစ်၍ မည်သည့်ခုနှစ်က ပိတ်ခဲ့ကြောင်း သက္ကရာဇ်ကို ရေးသားခဲ့ပါသည်။
ကျွန်တော်တို့မိသားစု မြောက်ဦးမြို့တွင်ရှိနေစဉ် နန်းတော်ရာကုန်မှ ၃ မိုင်လောက်ဝေးသော အရှေ့ဘက်တွင် ရှင်ဘုရင်မ နတ်သျှင်မယ်၏ တစ်ကိုယ်တော်နေခဲ့သော နန်းတောင်ဆောင် ရှိခဲ့ဖူးပါသည်။ ယခုအချိန်တွင် မယ်တော်မရှိတော့ပြီဖြစ်သော်လည်း နန်းဦးတွင် နတ်သျှင်မယ်ကိုးကွယ်ခဲ့သော နန်းဦးဘုရားမှာ ချုံနွယ်ပိတ်ပေါင်းများ အထဲရောက်လျက်ရှိနေပါသေးသည်။ ယင်းဘုရားကို ဆရာကြီးက ဦးဆောင်၍ တောထဲမြို့ဟောင်းရှိ သင့်တော်သော ဘုရားတစ်ဆူဆူဝင်းအတွင်း ရွှေ့ပြောင်းရန်ဆောင်ရွှက်လျှက်ရှိပါသည်။ ကျွန်တော်နှင့် ဆရာကြီးရောက်သွားသောအချန်တွင် ထိုင်တော်မူဘုရားကို စွပ်ပါးပေါ် ပက်လက်လှန်၍ တင်ထားပြီးသား ဆွဲယူရန်အဆင်သင့် ရှိနေပါပြီ။ မျက်နှာကို ပိတ်ဖြူတစ်ခုနှင့် အုပ်ထားပါသည်။ ပလ္လင်မှာ ကျောက်တုံးများကို ဆက်စပ်၍ပြုလုပ်ထားသောကြောင့် မ၍ရွှေ့လျှင် အားလုံးပြိုပျက်သွားပါမည်။ ဆရာကြီး၏ အမိန့်အရ လူများကတူရွင်းနှင့်ကလန့်ပြီး ကျောက်ခဲတစ်လုံးချင်းခွာယူပါသည် ပလ္လင်တွင် ရုပ်လုံးရုပ်ကြွများဖြင့် ပြုလုပ်ထား၍ အလွန်ပင်လက်ရာမြောက်ပါသည်။ ဘုရားထားမည့်နေရာသို့ ရောက်သောအခါ ပလ္လင်ကို နဂိုအတိုင်းပြန်လည်စုစည်းတည်ဆောက်သည့်အခါ အဆက်အစပ်လွယ်ကူရန် သင်္ဘောဆေးအနီဖြင့် ကျောက်ခဲတစ်လုံးချင်းကို အတန်းလိုက်ဆရာကြီးကခိုင်း၍ ကျွန်တော်က နံပတ်များ ရေးမှတ်ရပါသည်။ နောက် ၂ ရက်အကြာ ပွပ်ပါပေါ်တင်ထားသော ဘုရားကို မြို့ဟောင်းမြို့ရှိ မြို့မိမြို့ဖနှစ်ထောင်ကျော်ခန့်က ကြိုးနှင့်ဆွဲ၍ ယူလာခဲ့ကြပါသည်။ (ထိုစဉ်က ဘုရားမည်သည့်နေရာတွင် ထားခဲ့သည်ကို ယခု စာရေးနေသောအချိန်တွင် မမှန်မိတော့ပါ။)
၁၉၉၅ ခုနှစ် ကျရောက်သော အမျိုးသားနေ့တွင် ကျွန်တော်တို့ အိမ်ရှေ့ကျုံးနေရာတွင် ဆရာကြီးခေါင်းဆောင်၍ သရုပ်ဆောင်ခဲ့ပါသည်။ မင်းသားကြီးရွှေဘန်းပြဇာတ်ကပြ၍ သရုပ်ဆောင်ခဲ့ပါသည်။ ထိုစဉ်က မင်းသားကြီးရွှေဘန်းအဖြစ် ကိုကျော်ဇောလှက သရုပ်ဆောင်ခဲ့ပါသည်။ ပွဲကြည့်ပရိတ်သတ်များကလည်း ကွင်းတစ်ခုလုံး ပြည့်လျှံနေပါသည်။ ပြဇာတ်ထွက်၍ မိနစ်ပိုင်းအလိုတွင် ဇာတ်စင်လက်ယာဘက်တွင်ဗုံးတစ်လုံးပေါက်ကွဲရာ လူပေါင်း ၄၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့ပါသည်။ (ကံကောင်းထောက်မ၍ အဖိတ်အစင်မရှိခဲ့ပါ)။ ထိုစဉ်က ကျွန်တော်နှင့် ဇာတ်စင်ဘေးနားခုံတန်းလျား တစ်ခုတွင် ကျွန်တော်က အလယ်ကထိုင်ပြီး လက်ယာဘက်တွင် ဆရာကြီးဦးဦးသာထွန်း၊ လက်ဝဲဘက်တွင် ကျောင်ဆရာကြီးဘက်ကား အိမ်မှသား သို့မဟုတ် သမက်ဖြစ်နိုင်ပါသည်။ ထိုင်လျက်ရှိကြပါသည်။ ဗုံးပေါက်၍ ဒဏ်ရာရပြီး သွေးအိုင်ထဲတွင်လဲနေသောလူများအထဲတွင် ကျွန်တော့်ဘေးနားက ထိုင်နေသော ဆရာဘက်ကား၏လူလည်းပါဝင်ခဲ့ပါသည်။ အကယ်၍ ထိုလူသာမရှိခဲ့လျှင် ကျွန်တော် သို့မဟုတ် ဆရာကြီးဦးဦးသာထွန်း တစ်ယောက်ယောက် ဒဏ်ရာရသွားနိုင်ပါသည်။ ကံကောင်းသည်ဟု ထိုစဉ်ကပြောခဲ့ပါသည်။ ဆရာကြီးနှင့်ကျွန်တော်သည် သေတွင်းက သီသီကလေး လွတ်မြောက်လာခဲ့ပါသည်။
နောက်တစ်နေ့တွင် ဆရာကြီးသည် ကျွန်တော်ကိုခေါ်၍ သျှစ်သောင်းဘုရားအတွင်း ပတ်လမ်းအလယ်တစ်နေရာတွင် အဓိဋ္ဌာန်ဝင်နေသော ကိုရင်ကြီး(စစ်တွေမြို့လမ်းသစ်ရပ် ငှက်ပျောတောကျောင်းမှ ကိုရင်ကြီး) ကိုဗုံးခွဲသူမည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မေးမြန်းခဲ့သည်ကို မှတ်မိပါသေးသည်။
တစ်ခါတွင်လည်း ဆရာကြီးအိမ်တွင် ဆရာကြီးနှင့်ထမင်းစားနေကြစဉ် လူတစ်ယောက်အပြေးအလွှား ရောက်လာပြီး သတင်းလားပို့ပါသည်။ သျှစ်သောင်းဘုရား၏ အ၀င်လမ်းနှင့် မနီမဝေးတွင်စေတီငယ်တစ်ဆူရှိပါသည်။ စေတီတိုင်းတွင် မုခ်ဝကို အနောက်ဘက်သို့လှည့်ထားပါသည်။ ထိုစေတီငယ်သည် မင်းဗာကြီး၏ အရိုးအိုးစေတီ (Mortuary Temple) ဖြစ်ပါသည်။ ဘုရင်မင်းဗာကြီးသည် ဘင်္ဂလား ၁၂ မြို့ကို အောင်နိုင်ခြင်းအထိမ်းအမှတ်ဖြစ်၍ ရန်အောင်ဇေယျ ခေါ် သျှစ်သောင်းပုထိုးတော်ကြီးကို တည်ထားခဲ့၍ သူကွယ်လွန်ပြီးသည့်နောက် သူ့အရိုးအိုး စေတီငယ်ကို အနောက်ဘက်သို့မုခ်ဝလှည့်ထားခြင်းဖြစ်သည်။ စေတီအတွင်းတွင် မင်းဗာကြီး၏အုတ်ဂူကို အနောက်ဘက်သို့ မုခ်ဝကို လှည့်ထားခဲ့ခြင်း ဖြစ်သည်။ စေတီအတွင်းတွင် မင်းဗာကြီး၏ အုတ်ဂူကို ဘုရားပလ္လင်သဏ္ဍာန်ပြုလုပ်ထား၍ အပေါ်တွင် ထိုင်တော်မူဘုရားတစ်ဆူရှိပါသည်။
ဆရာကြီးကို သတင်းလာပို့သည်မှာ မနေ့ညက မင်းဗာကြီး၏ အုတ်ဂူကို သိုက်ဆရာများက ဖောက်ထွင်းဖြိုဖျက်ပြီး အထဲတွင်ရှိသော အဖိုးတန်ပစ္စည်းများကို ယူသွားပြီးဖြစ်ကြောင်း လာပြောခြင်းဖြစ်ပါသည်။ ဆရာကြီးသည် စားနေသောထမင်းကို ဆက်မစားတော့ဘဲ လက်ဆေးပြီး ‘မောင်အေးသိန်း။ လားသွားမယ်’ ဆိုပြီး အပြေးအလွှား သွားရောက်ခဲ့ကြပါသည်။ စေတီအထဲဝင်လိုက်သော အခါ ဘုရားကို ဘေးရွှေ့ထားပြီး ဘုရားအောက်မြေလှန်ရှာဖွေထားသည်ကို တွေ့ရပါသည်။
မကြာမှီနေ့တစ်နေ့တွင် ဆရာ့အိမ် ကျွန်တော်သွားပါသည်။ ပက်လက်ကုလားထိုင်တစ်လုံးတွင် ထိုင်၍ အင်္ဂလိပ်စာအုပ်တစ်အုပ်ကို ဖတ်နေပါသည်။ ကျွန်တော်သိရသလောက် ဆရာသည် ဘွဲ့မရသည့်အပြင် ၁၀ တန်းပင်မအောင်ခဲ့ဟု ထင်ရပါသည်။ ကျွန်တော်က ဘာစာအုပ်ကို ဖတ်နေပါသလဲလို့ မေးလိုက်တော့ ဦးရွှေဇံအောင်ဘာသာပြန်ခဲ့သော ဗုဒ္ဓအဘိဓမ္မာစာအုပ်ဖြစ်ကြောင်း ဤစာအုပ်ကို သြစတြေးလျတက္ကသိုလ် ဒဿနိကဘာသာရပ် ပြဋ္ဌာန်းထားသော စာအုပ်ထဲတွင် ဤစာအုပ်လည်း တစ်အုပ်အပါအ၀င် ဖြစ်ကြောင်း ဆရာပြောပြ၍ ထိုစဉ်က ဤဦးရွှေဇံအောင်ကို ကျွန်တော် စ၍ကြားဖူးခြင်းဖြစ်ပါသည်။
ဆရာကြီးတွင် တက္ကသိုလ်မှပေးအပ်ခဲ့သော ဒီဂရီဘွဲ့ထူးဂုဏ်ထူးများ မရှိပါ။ ‘သမိုင်းပညာရှင်’ သမိုင်းပဏ္ဍိပ် ဦးဦးသာထွန်းဟု ဂုဏ်ထူးသာရှိပါသည်။ ရခိုင်သားလောကတွင် အာနန္ဒာစန္ဒြားကျောက်စာကို အစမှအဆုံးအထိ ဖတ်၍ ဘာသာပြန်နိုင်သူမှာ ဆရာကြီးဦးဦးသာထွန်းနှင့် ရူပဗေဒပညာရှင် ဦးစံသာအောင် ၂ ဦးသာ ရှိခဲ့ပါသည်။
၁၉၅၅-၅၆-၅၇ နှစ်များအတွင်း စာရေးသူ၏ ဖခင်ရှိနေစဉ် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်ရှေးဟောင်းသမိုင်ဌာနမှ ကျောက်စာဝန် ဦးလူဖေ၀င်းသည် ရခိုင်သမိုင်းကို လေ့လာကြည့်ရန်နှင့် ကျောက်စာများကူးရန်မြောက်ဦးမြို့သို့ခဏလာပါသည်။ လာတိုင်းကျွန်တော်တို့အိမ်တွင် တည်းခိုပါသည်။ မြန်မာစာသတ်ပုံနှင့် ပတ်သက်လျှင် စာရေးသူ၏ဖခင်နှင့်ဆွေးနွေးပြီး သမိုင်းများ၊ ကျောက်စာများနှင့် ပတ်သက်လာလျှင် ဆရာကြီး ဦးဦးသာထွန်းကို အခေါ်လွှတ်၍ ဆွေးနွေးပါသည်။
ကျွန်တော့်ဖခင်သည် ဆရာဦးဖေ၀င်း၏ လိုအပ်ချက်များအားလုံးကို ဆရာဦးဦးသာထွန်းနှင့် တွေ့ပေးရာ ဆရာကြီးဦးဦးသာထွန်းကို သူထင်သည်ထက်များစွာ အကူအညီပေးနိုင်ခဲ့သူတစ်ဦးအဖြစ် လာတွေ့ရာ ကျောက်စာဝန်ဦးဝင်းဖေက တအံ့တစ်သြနှင့် ‘ဤဒေသမျိုးမှာ ဤမျှလောက်သမိုင်းပညာကို တတ်ကျွမ်းနားလည်သောသူ ရှိလိမ်းမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး ဦးသာဇံ’ ဟု စာရေးသူ၏ဖခင်ကို ပြောဖူးပါသည်။
ထိုစဉ်က ဆရာကြီးဦးဦးသာထွန်းသည် အလယ်တန်းပြကျောင်း ဆရာလုပ်နေပါသည်။ စာရေးသူ၏ဖခင်ထောက်ခံတင်ပြခဲ့၍ ဆရာဦးဦးသာထွန်းကို လက်ရှိကျောင်းဆရာအလုပ်မှ ထွက်စာမတင်ရသေးဘဲနှင့်ပင် အငယ်တန်းကျောက်စာဝန် (နောက်ပိုင်း ရာထူးတိုးပေးပါသည်။) ရာထူးကိုခန့်အပ်ခြင်းခံခဲ့ရပါသည်။
ဆရာကြီးသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်း သုတေသနဌာနသို့ ခဏတဖြုတ် လာရလေ့ရှိပါသည်။ ဦးလူဖေ၀င်းက ဦးဦးသာထွန်း ရန်ကုန်လာလျှင် ကျွန်တော့်ထံ မ၀င်ဘူးဟု ကျွန်တော့်အဖေကို အကျိုးအကြောင်းပြောပါသည်။ သူသိချင်သော သမိုင်းကစ္စရပ်များကို ဆွေးနွေးမေးမြန်းလို၍လည်း ဖြစ်နိုင်ပါသည်။ ဆရာကြီးအကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါသည်။ ဦးလူဖေ၀င်းခေါ်လျှင် သူမလာဘဲ မနေပါ။ မခေါ်၍မလာဖြစ်သာဖြစ်ပါသည်။
“အစ်ကိုဦးသာထွန်း။ ဆရာယခုလက်ရှိရာထူးရရန် ကျွန်တော်က ထောက်ခံသူသာဖြစ်တယ်။ ဆရာကို အလုပ်ခန့်တာက ဦးလူဖေ၀င်းဖြစ်တယ်။ ကျေးဇူးတော့ရှိတယ်။ ရန်ကုန်ရောက်ရင် သူ့ဆီမသွားဘဲ မနေနှင့်။ တခါတရံ သူ့အိမ်ဝင်လိုက်ပါ….”
လို့ ကျွန်တော့်အဖေနှင့် တွေ့စဉ် ပြောသည်ကို မှန်မိပါသေးသည်။ ဆရာကြီးသည် သမိုင်း (ရာဇ၀င်) နှင့်ပတ်သက်လာလျှင် စိတ်ရှည်သည်းခံသော်လည်း တခြားကိစ္စရပ်များတွင် အေးအေးဆေးဆေးနေတတ်သူတစ်ဦး ဖြစ်ပါသည်။
ကျွန်တော်သည် မြောက်ဦးမြို့တွင် ၂ နှစ်ကျော်ခန့်နေခဲ့ရာ ဆရာကြီး၏ လမ်းလျှောက်တုတ်ချောင်းပမာ ကျွန်တော့်ကို ဘယ်သွားသွား ခ်ါသွားပါသည်။ ကျွန်တော့်ကလည်း ဆရာကြီး၏လက်ကို ကိုင်း၍နောက်ကလိုက်ရင်း နောင်တွင်စာရးဆရာသမိုင်းသုတေသီတစ်ဦးအဖြစ်သို့ ရောက်လာခဲ့သူဖြစ်ပါသည်။ ဆရာကြီးဦးဦးသာထွန်းသည် စာရေးသူတစ်ယောက်အတွက်သာ အဟုတ်ခဲ့ပါ။ ရခိုင်တစ်မျိုးသားလုံးအတွက် မီးရှူးတန်ဆောင် အာဇာနည်တစ်ဦးဖြစ်ခဲ့ပါသည်။
ဆရာကြီးဦးဦးသာထွန်းကို ရခိုင်ပြည်နယ်။ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရွာနေ(အဘ) ဦးကောင်းစံရွှီ။ အမိဒေါ်အောင်ကြွေဇံတို့မှ ၁၉၁၇ ခု နိုဝင်ဘာလ ၂၃ ရက်သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တစ်ဦးတည်းသောသားကြီး သြရသဖြစ်သည်။

ငယ်ရွယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇ၀င်ဆရာကြီးဦးဦးသာထွန်းအောင်က ရခိုင်ရာဇ၀င် ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများကို နှုတ်တိုက်အာဂုံသင်ကြားပေးခဲ့သည်။ န၀မတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန် သွားသဖြင့် ကျောင်းမှနှုတ်ထွက်လိုက်ရပြီးနောက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့ထံ၌ သက္ကတ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီပညာရပ်များကို သင်ကြားလေ့လာဆည်းပူးခဲ့သည်။

၁၉၅၀ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိမြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် ရခိုင်မြန်မာပဏ္ဍိပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီးစုဆောင်း တည်ဆောက်ခဲ့သော ပြတိုက်ကြီးဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိမြောက်ဦးမြို့ ရှေးဟောင်း သုတေသနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၃ ခုနှစ်တွင် ကိုယ်တိုင်ကိုယ်ကျ သုတေသနလုပ်ငန်း ပါဝင်တူးဖေါ် ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့ဘုရားသမိုင်း (၁၃၀၁ ခုနှစ် ပုံနှိပ်) ဦးရာဇ်တောင်ဘုရားသမိုင်း (ပုံနှိပ်)၊ မြောက်ဦးမြို့ဘုရားသမိုင်း ကျမ်းပြင်ဆင်ဖြည့်စွက်ချက် (ပုံနှိပ်)၊ (၁၉၅၂-၁၉၅၃) ရက္ခိုင်အမျိုးသမီးသူရဲကောင်းအတ္ထုပတ္တိ (၁၉၅၃-၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇ၀င်သင်္ခေပကျမ်း(၁၉၅၄-၅၅)(ပုံနှိပ်)၊ ရှင်သတ်ဘုရားသမိုင်း(ပုံနှိပ်) တို့ကိုထုတ်ဝေခဲ့သည်။
ရခိုင်ရဗျာပေါင်းချုပ်၊ ရခိုင်ရာဇ၀င်လင်္ကာဘာသာပြန်၊ ရခိုင်ဒင်္ဂါးများဘာသာပြန်၊ ရခိုင်ပြည်နယ်ဓတ်တော် ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်ခိုးကြီးဘုရားများ သမိုင်းကျမ်းစာမူများကို ရေးသားပြုစုပြီး ဘဏ္ဍာရေး ၀န်ကြီးဆရာဦးထွန်းအောင်ကျော်သို့ ပေးအပ်ခဲ့သည်။

အံတော်သိမ်တော်ဘုရားသမိုင်းကျမ်း၊ သဲထက်ဘုရားသမိုင်း၊ ထီးတော်မိုးဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တော် ဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ သျှစ်သောင်းဘုရားသမိုင်း၊ ပါးတော်ဘုရားသမိုင်း၊ ဘုရားပေါ်ဘုရာသမိုင်း၊ မင်္ဂလဓာတ်ရွှေကူဘုရားသမိုင်းတို့ကို ရတုလင်္ကာစကားပြေမော်ကွန်း စသည်တို့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဓည၀တီမဂ္ဂဇင်းကို စာတည်းနှင့် အယ်ဒီတာအဖြစ်တာဝန်ယူ ထုတ်ဝေခဲ့သည်။ ဓည၀တီစာစောင်၊ ဓည၀တီ မဂ္ဂဇင်း၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ မန္တလေးပြည်သူဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင်မဂ္ဂဇင်း၊ စစ်တွေကောလိပ်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်၊ ၀ရာဇ်မဂ္ဂဇင်းတို့တွင် ဦးဦးသာထွန်း၊ ဦးသူရိယ စသည့်ကလောင်အမည်များဖြင့် ဆောင်းပါး မြောက်များ စွာရေးသာခဲ့သည်။

မြို့စောင့်နတ် ဒေ၀တာဗလီပူဇောကျမ်း၊ အဉ္စနနိဒါန်းဆေးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်တီးလုံးများ၊ ကဗျားများ၊ စုပေါင်းစာကမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာပန်း၊ တျားတီးလုံးတီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရခိုင်သတ်ပုံသတ်ညွှန်း ခွဲထားခြင်းအဓပ္ပာယ်တွက်ပုံစာတမ်း၊ ရခိုင်ပုလွေ(ပြွီ) အမျိုးမျိုးတို့ကို ပြုလုပ်ပုံ အတိုင်းအတာစာတမ်း၊ ဗုဒ္ဓပူဇနိယဆီမီးခွက်အက၊ သီချင်းကဗျာ စသည်တို့ကို ရေးသားပြုစုခဲ့သည်။

ဆင်ယင်ထုံးဖွဲ့မှုကျမ်း(မူကြမ်း)၊ ရခိုင်ရာဇ၀တ်(မူကြမ်း)၊ ရခိုင်အက္ခရာဆင်းသက်လာပုံကျမ်း(မူကြမ်း)၊ ရခိုင် ကျောက်စာပေါင်းချုပ်ကျမ်း(မူကြမ်း)၊ ရခိုင်ပြည်နယ်ဘုရားသမိုင်းကျမ်း(မူကြမ်း)၊ ရခိုင်မင်းသား ဒေါင်မာတင် ကျမ်း(မူကြမ်း)၊ အရှင်ဦးမြ၀ါကျမ်း(မူကြမ်း)၊ ရခိုင်မင်သမီးဧချင်း ရှင်းလင်းချက်(မူကြမ်း)၊ ဗျာလ်စာတမ်း(မူကြမ်း)၊ ကျော်တော်မြို့သေလာဂီရိမောရ ပပ္ဗတတောင်ခြေရင်းမှ တွေ့ရှိရသော ကျောက်ဆစ်လက်ရာများ သုတေသနပြု ချက်(မူကြမ်း) စသည်တို့ကို ရေးသာပြုစုခဲ့သည်။

ဆရာကြီးဦးဦးသာထွန်းကို သမိုင်းဆရာတစ်ဦးအနေနှင့်သာ သူသိများပါသည်။ သူရေးသမျှ သမိုင်းနှင့်သာ ပတ်သက်နေမည်ဟု ထင်ကြပါသည်။ သူရေးသမျှ သမိုင်းနှင့်သာ ပတ်သက်နေမည်ဟု ထင်ကြပါသည်။ သို့သော် ဆရာကြီးသည် သမိုင်းပညာရပ်ထက် လွန်၍နက္ခတ်တာရာပညာပါ တတ်မြောက်ကျွမ်းကျင်ပါသေးသည်။
ဆရာကြီးသည် ‘သူရိယပဏ္ဍိပ်’ ကလောင်အမည်ဖြင့် ‘ခေတ်မီ အင်္ဂလိပ်-မြန်မာနှစ် ၃၀၀ ပြက္ခဒိန်’ စာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပါသေးသည်။

သြစတြေးလျနိုင်ငံ အမျိုးသာတက္ကသိုလ်သုတေသီ Pamela Gutman ၏ Ancient Arakan ကျမ်းပြုစုရာတွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပါမောက္ခရောဖတ်ဆာဗရ် (Bernot) အား ရခိုင်းပုံပြင်လိပ်ကန်ဖားမ ၀တ္တုနှင့် ကျီးဖြူရွာစာတမ်းတို့ကိုလည်းကောင်း၊ အင်္ဂလန်နိုင်ငံ ပါမောက္ခဦးလှသိန်း (ခေါ်) ဂျွန်အိုကဲလ်အား စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံဆိုင်ရာ စာတမ်းကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်းအတွင်းရေးမှူး ဒေးဗစ်စတိမ်းဗားစ်အား ဝေသာလီကျောက်ရုပ်တုဆင်းတုတို့၏ နှစ်ပေါင်း ကြာညောင်းမှု တိုင်းတာမှုစာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခအိုနိတိုရှုနှင့် ရခိုင်စကေားပြော လေယူသလေသိမ်းအသံထွက်ပုံစာတမ်းနှင့် မြောက်ဦးမြို့ဘောင်းဒွတ်အရပ်ရှိ ဒခ်ျကောင်းဆတ်လာ အဆောက်အအုံပုံစံနှင့် ကူးသန်းရောင်းဝယ်ခဲ့ကြပုံစာတမ်းကိုလည်းကောင်း၊ ရေးသာပြုစုကူညီခဲ့သည်။

နိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဌာနနှင့် အခြားပုဂ္ဂုလ်များအားလည်း ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာစာအုပ် (၁၉၅၉ ခု) ရခိုင်တေးသံစာအုပ် (၁၉၆၅) ရခိုင်တိုင်းရင်းသားလူမျိုးများဖြစ်စဉ်နှင့် ဓလေ့ထုံးစုံများစာအုပ် တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်များကျမ်း၊ ရခိုင်ရိုးရာ စည်(ဗုံ)နှင့် တူရိယာတီးကွက်များစာတမ်း၊ မြန်မာဝေါဟောရ အဘိဓာန်ကျမ်းပြုစုရာတွင် ဝေါဟာရစကားလုံးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကားချက်များစာအုပ်ပြုစုခြင်း၊ ၁၉၇၆-၇၇ ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ်အောင်လံ၊ ရခိုင်ပြည်နယ်တံဆိပ်၊ ရခိုင်ရိုးရာ ကျားမ၀တ်စုံစာတမ်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန်စသည်တို့ကို ပါဝင်ကူညီရေးသားပြုစုခဲ့သည်။

အထက်တန်းပညာရေးဦးစီးဌာန ညွှန်ချုပ်(ငြိမ်း) ပါမောက္ခဦးစံသာအောင်အားလည်းကောင်း၊ ၁၉၇၂ ခု အဘိဓမ္မာကောက်နုတ်ချက် ပရပိုက်ကို မိုက်ခရိုဖလင်ရိုက်နှိပ်ရန်လည်းကောင်း၊ ဂ၀ိကဏ္ဍာပါသလောကျမ်း ပေမူကို မိုက်ခရိုဖလင်ရိုက်ရန်လည်းကောင်း၊ လျှို့ဝှက်ကျောက်စာပေဂဏန်ရေးနည်း ပေမူကို မိုက်ခရိုဖလင် ရိုက်ရန်လည်းကောင်း၊ အေစီ ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာစာအုပ်ပြုစုရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား ရှစ်ရာစု ရခိုင်ဝေသာလီ စာအုပ်ပြုစုရာတွင်လည်းကောင်း၊ ရခိုင်ဒင်္ဂါးများသမိုင်းပြုစုရာတွင် လည်းကောင်း၊ ဗုဒ္ဓအနုပညာ (Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်း ပါဝင်ကူညီခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ရေဒီယိုမှ ရခိုင်အသံကို စတင် အသံလွှင့်ခဲ့သည်။ တိမ်မြှပ်ပျောက်ကွယ်ခဲ့ပြီဖြစ်သော ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့ကို ကမ္ဘာကသိအောင် ရှာဖွေစုဆောင်းလေ့လာဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်စောင့်ရှောင့်ခဲ့သည်။

ရခိုင်သူ ရခိုင်သားတို့ကိုလည်း ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့ကို ရှာဖွေစုဆောင်းလေ့လာဖော်ထုတ် ထိန်သိမ်းကာကွယ်ကြရန် အမြဲ ဆော်သြခဲ့သည်။ ဆရာကြီးသည် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံး တမ်းစဉ်လာများကို အသစ်တဖန်ပြန်လည် မွေးထုတ်ပေးခဲ့သော သမိုင်းပဏ္ဍိပ်သခင်ကြီးတစ်ဦးပင် ဖြစ်ပါသည်။
ဆရာကြီးသည် ၁၄-၈-၉၀ နေ့တွင် စစ်တွေမြို့၌ ကွယ်လွန်ခဲ့သည်။ ဆရာကြီး၌ ဇနီးဒေါ်မစိန်သာနှင့်သား ကိုကျော်ထွန်းအောင်အပြင် သမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

ဆရာကြီး၏အလောင်းကို သူ၏ဇာတိချက်ကြွေ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီးအလွန်ယုံကြည် တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ ခေါ် သျှစ်သောင်းပုထိုးတော်ကြီး ဘုရားရိပ်တွင် အစဉ်လဲလျောင်းရန် နေရာချထားပေးခဲ့သည်။



(နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ - အေးသိန်း စာအုပ်မှ)